CNI International News

ဘန်ကောက်၊ အောက်တိုဘာ ၆

ထိုင်းအစိုးရအဖွဲ့အပြောင်းအလဲကို မကြာမီ မြင်တွေ့ရတော့မည်ဟု မျှော်လင့်ရပြီး လက်ရှိအာဏာရ ပလန်ပရာ ချာရတ်ပါတီ (PPRP) လည်း ပါဝင်နိုင်ဖွယ်ရှိသည်ဟု ဘန်ကောက်ပို့စ်သတင်းအရ သိရသည်။

၎င်းပါတီဝင်အချို့က ဗိုလ်ချုပ်ကြီးပရာဝစ်ဝေါင်ဆူဝမ်ကို အထွေထွေရွေးကောက်ပွဲမတိုင်မီ ပြည်ထဲရေးတာဝန် အများစု ရယူရန် တိုက်တွန်းခဲ့ကြသည်။

ဒီမိုကရက်တစ်ပါတီအတွင်း၌လည်း ၂၀၁၃ ခုနှစ်တွင် ဆောင်ခလခရိုင်အုပ်ချုပ်ရေးအဖွဲ့ (PAO) ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ပြီးနောက် လက်ထောက်ပြည်ထဲရေးဝန်ကြီးအဖြစ်မှ နုတ်ထွက်ခဲ့သူ နီဖွန်ဘန်ယာမနီးနှင့်ပတ်သက်၍ အပြောင်းအလဲပြုလုပ်ရန် ကြိုးပမ်းနေသည်။

အောက်တိုဘာ ၅ ရက် အစိုးရအဖွဲ့ (ကက်ဘိနက်) အစည်းအဝေး မစတင်မီ “ဝန်ကြီးချုပ်အဖြစ်မှ ဆိုင်းငံ့ခံရသူ ပရာယွတ်ချန်အိုချာနှင့် လက်ထောက်များ ယခုအစိုးရအိမ်တော်သို့ ပြန်လည်ရောက်ရှိနေပြီ” ဟု ဒီမိုကရက်တစ် ပါတီခေါင်းဆောင်တစ်ဦးဖြစ်သည့် ဂျူရင်လက်ဆာနာဝီဆစ်က ပြောကြားခဲ့သည်။

ဒီမိုကရက်တစ်များ၏ လှုပ်ရှားမှုများသည် လက်ရှိအာဏာရ PPRP နှင့် ဘွန်ဂျိုင်ထိုင်းပါတီတို့အတွက် အစိုးရအဖွဲ့ ဖွဲ့စည်းရေးအပေါ် လှုပ်ခတ်သွားစေမည်ဟု ယုံကြည်ရသည်။

PPRP သည် ဗိုလ်ကြီးသမာနကပရွမ်ပေါ နုတ်ထွက်သွား၍ လစ်လပ်နေသော စိုက်ပျိုးရေးဒုတိယဝန်ကြီးနေရာနှင့် နာရူမွမ်ပင်ယိုဆင်ဝမ် နုတ်ထွက်သွား၍ လစ်လပ်နေသော အလုပ်သမားဒုတိယဝန်ကြီးနေရာများကို အစားထိုး ခန့်အပ်ခြင်း မရှိသေးပေ။

PPRP ပါတီမှ အစိုးရအဖွဲ့ဝင်များကို တွေ့ရစဉ်(ဓါတ်ပုံ- Varuth Hirunyatheb)

အလားတူ ဘွန်ဂျိုင်ထိုင်းပါတီက ခန့်အပ်ရန် လိုအပ်နေသည့် ပညာရေးဒုတိယဝန်ကြီးနေရာလည်း ရှိသေးသည်။ ယခင်ဒုတိယဝန်ကြီး ခနော့ဝမ်ဗီလာဝမ်ကလည်း ယင်းရာထူးမှ နုတ်ထွက်သွားခဲ့ပြီဖြစ်သည်။

အဆိုပါညွန်ပေါင်းအဖွဲ့တွင် ပါဝင်သည့် ပါတီများသည် အထွေထွေရွေးကောက်ပွဲကို လာမည့်နှစ်သစ်၌ စတင် သည့်အခါ ဗိုလ်ချုပ်ကြီး ပရာယွတ်ထံမှ အစိုးရအဖွဲ့ အပြောင်းအလဲပြုလုပ်ရေးတောင်းဆိုမှုများကို လျစ်လျူရှုနိုင် ကြမည်မဟုတ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများက ယုံကြည်ထားကြသည်။

လက်ရှိအာဏာရ PPRP ပါတီသည် ၎င်းပါတီဝင်များအကြား လူကြိုက်မများလှသည့် ပြည်ထဲရေးဝန်ကြီး အနူပေါင် ပအိုဂျင်ဒါကို ပါတီခေါင်းဆောင်အဖြစ် အစားထိုးခန့်အပ်ရန် အခွင့်အရေးကို ဆုပ်ကိုင်ထားနိုင်ဖွယ်ရှိသည်ဟု ယူဆရသည်။

ပြည်ထဲရေးဝန်ကြီးဌာနသည် ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့များ၏ အခွင့်အာဏာကို ရယူထားသဖြင့် အထွေထွေ ရွေးကောက်ပွဲများတွင် ကိုယ်စားလှယ်လောင်းများနှင့် ထိတွေ့ရန် လွယ်ကူနေသည်။ PPRP ပါတီဝင်များသည် ဗိုလ်ချုပ်ကြီး ပရာဝစ်ကို ပြည်ထဲရေးဝန်ကြီးဌာန ဆက်ကိုင်ထားရန် လိုလားနေကြသည်။

ပါတီတွင်း၌ ဗိုလ်ချုပ်ကြီးအနူပေါင်ကို ပြည်ထဲရေးဝန်ကြီးရာထူးမှ ဖယ်ရှားရန် တောင်းဆိုခြင်းသည် ပထမဆုံးအကြိမ် မဟုတ်သော်လည်း ဗိုလ်ချုပ်ကြီးပရာယွတ်ကတော့ အပြောင်းအလဲတောင်းဆိုမှုများကို ယခုအချိန်အထိ တားဆီးနိုင်ဆဲ ဖြစ်သည်။

PPRP ပါတီမှ လွှတ်တော်ကိုယ်စားလှယ် ၆ ဦးတို့သည် ဗိုလ်ချုပ်ကြီးအနူပေါင်ကို အယုံအကြည်မရှိကြောင်း မဲများပေးခဲ့ကြသည်။

Source: Bangkok Post