CNI News
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၉
မြန်မာနိုင်ငံတွင် နိုင်ငံရေးသမားများသည် ပြည်သူလူထု အများစု၏ အသံများကို နားထောင်နိုင်စွမ်း လျော့နည်းပြီး ၎င်းတို့ ပြောချင်ရာနှင့် လုပ်လိုရာများကိုသာ လူထုကို နားထောင်ခိုင်းခြင်းကြောင့် လူထု၏ ယုံကြည်မှုနှင့်အားကိုးမှုများ ဆုံးရှုံးလာကြောင်း နိုင်ငံရေးလေ့လာစောင့်ကြည့်နေသူ များက ထောက်ပြကြသည်။
နိုင်ငံရေးသမားများနှင့် နိုင်ငံရေးပါတီများသည် ရွေးကောက်ပွဲနား နီးလာသောအခါမှသာ ပြည်သူလူထုအား တွေ့ဆုံ၍ လူထုသဘောထားကို အနည်းငယ်သာ နားထောင်ကြောင်း၊ သို့သော် ရွေးကောက်ပွဲပြီးနောက် လွှတ်တော်အမတ် ဖြစ်သွားသည်ဖြစ်စေ မဖြစ်ဘဲ ဖြစ်စေ ပြည်သူလူထု၏ အသံကို လာရောက်နားထောင်မှု မရှိ တော့ကြောင်း ၎င်းတို့က ထောက်ပြကြသည်။
မြန်မာနိုင်ငံ၏ နိုင်ငံရေးသည် ဆန့်ကျင်ဘက် ခွဲခြားမှုများနှင့် သည်းခြေကြိုက် နိုင်ငံရေးများကို ကျော်လွန်ပြီး ရွေးချယ်စရာ အယူအဆအမျိုးမျိုး ဖြစ်ထွန်းပေါ်ပေါက်သည်ထိ တရွေ့ရွေ့ ချီတက်ရမည့် ခရီးရှည်ကြီးတစ်ခု ဖြစ်ကြောင်းလည်း နိုင်ငံရေးလေ့လာစောင့်ကြည့်သူများက ပြောသည်။
နိုင်ငံရေးသမားများ နားထောင်နိုင်စွမ်း လျော့နည်းသည်ဆိုသည့် ပြဿနာပေါ်လာသည်က မြန်မာနိုင်ငံတွင် တံခါး ပိတ်ဝါဒ ကျင့်သုံးခဲ့ခြင်းကြောင့်ဖြစ်ကြောင်း ရန်ကုန်စောင့်ကြည့်အဖွဲ့ တည်ထောင်သူ ဒေါက်တာညိုညိုသင်းက CNI သတင်းဌာနသို့ ပြောသည်။

PP ပါတီ မဲဆွယ်နေစဉ်
၎င်းက “အန်တီတို့နိုင်ငံမှာက များသောအားဖြင့်က နိုင်ငံရေးယဉ်ကျေးမှုက ကျောင်းပညာရေးမှာ ငယ်ငယ်ထဲက နိုင်ငံရေး ယဉ်ကျေးမှုရဲ့ ကောင်းတဲ့လက္ခဏာတွေ နိုင်ငံရေး ယဉ်ကျေးမှုကောင်းတစ်ခုဖြစ်ဖို့ လိုအပ်တဲ့ အချက်တွေ ကို လေ့ကျင့်ပေးတဲ့ ကျောင်းတွေလည်း ကောင်းကောင်းမွန်မွန် သိပ်မရှိခဲ့ဘူး။ အထူးသဖြင့် နိုင်ငံရေးလောကမှာက ပုဂ္ဂိုလ်ရေး ကိုးကွယ်မှုတွေ အများကြီး ထွန်းကားခဲ့တယ်။ အဲ့လိုပုဂ္ဂိုလ်ရေး ကိုးကွယ်မှုကို အခြေခံတဲ့ နိုင်ငံရေးစနစ် ဖြစ်တာ ဖြစ်တဲ့အတွက်ကြောင့် နိုင်ငံရေးသမားတွေ သည်းခံနိုင်စွမ်း မရှိတဲ့ကိစ္စက ပေါ်လွင်ထင်ရှားမှု မရှိခဲ့ဘူး။ အရင်တုန်းက ဒီမိုကရေစီစနစ်ကို စတင်ကျင့်သုံးလာခဲ့တဲ့ အချိန်ကစပြီးတော့ နိုင်ငံရေးသမားတွေက ပြည်သူလူထု ရဲ့ အသံတွေကို နားထောင်နိုင်စွမ်း လျော့နည်းတယ်ဆိုတာကို တွေ့လာရတယ်။ အန်တီတို့ နိုင်ငံက တံခါးပိတ် ဝါဒကို ကျင့်သုံးခဲ့တာ ဒါရာစုနှစ် သုံးစုနီးပါး တံခါးပိတ်ဝါဒကို ကျင့်သုံးခဲ့တာ ဖြစ်တဲ့အတွက် အကျိုးဆက် အနေနဲ့ နိုင်ငံရေးသမားတွေပဲ နိုင်ငံကို အုပ်ချုပ်မင်းလုပ်တဲ့ လူတွေမှာလည်းပဲ ဒီလိုနားထောင်နိုင်စွမ်း အထူးသဖြင့် ပြည်သူလူထု အများစုအပေါ်မှာ နားထောင်နိုင်စွမ်း လျော့နည်းတယ်ဆိုတဲ့ ပြဿနာပေါ်လာတာ အခုတော့ ရွေးကောက်ပွဲ နား နီးလာတော့ အထူးသဖြင့် လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ မဲဆွယ်တဲ့ ကာလဖြစ်နေ တော့ ဒါတွေက ပိုပြီးတော့ ထင်ရှားလာတဲ့ သဘောမှာ ရှိနေတယ်”ဟု ပြောသည်။
ပြည်သူလူထု၏ နိုင်ငံရေးဆိုင်ရာ အသိအမြင်များ ပြည့်ဝစေရန်အတွက် ပြည်သူလူထု ကိုယ်တိုင်က ကြိုးစားဖြည့် ဆည်းကြရန်လည်း မဖြစ်မနေ လိုအပ်ကြောင်း၊ ပြည်သူလူထု အနေဖြင့် နိုင်ငံရေး အသိအမြင် မှန်ကန်ရေး၊ ကြွယ်ဝ ပြည့်စုံရေး ဖြည့်ဆည်းဆောင်ရွက်ခြင်းသည် မိမိတို့ အကျိုးစီးပွား တစ်ခုတည်းအတွက် ဆောင်ရွက်ရာ ရောက်မည်သာမက နိုင်ငံတော်၏ အကျိုးစီးပွား ဖြစ်ထွန်းရေး၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး၊ ကောင်းမွန်သော နိုင်ငံရေးစနစ် ပေါ်ပေါက်ရေးအတွက် လုပ်ကိုင်ဆောင်ရွက်ရာလည်း ရောက်မည်ဖြစ်သည်။
နိုင်ငံရေးသမားများသည် ကိုယ်ဖြစ်ချင်တာကို လုပ်နေပြီး သူများကို အလှည့်မပေးခြင်း၊ ငါနှင့်မတူ ငါ့ရန်သူဟု သ ဘောထားသည့် တဖက်ပိတ်နေသည့် လစ်ဘရယ် အရေခြုံများဖြစ်ကြောင်း ဇဗ္ဗူသီရိမြို့နယ်ကနေ တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းအဖြစ် ရွေးကောက်ပွဲဝင်ပြိုင်မည့် ဒေါက်တာအောင်မျိုးက CNI သတင်းဌာနသို့ ပြောသည်။

နိုင်ငံရေးပါတီများ မဲဆွယ်နေကြစဉ်
၎င်းက “နိုင်ငံရေးသမား နားထောင်တဲ့ အလေ့အကျင့်ရှိမရှိ ဆိုတာကတော့ အဓိက ကိုယ်ဖြစ်ချင်တာကိုပဲ လူတွေက လုပ်နေကိုင်နေတော့ သူများကို အလှည့်မပေးဘူး၊ လေးစားမှု မရှိဘူးဆိုတဲ့ သဘောပေါ့။ အဲ့ဒီလက္ခဏာကို အခုဒီ NUG နဲ့ PDF တွေမှာ သွားတွေ့ရတယ်။ အဲဒီက ဘာလဲဆိုတော့ ပေါ်တင်ကြီး ပြောနေကြတာတွေ ကြားနေမရှိဘူး။ ရန်သူနဲ့ မိတ်ဆွေရှိတယ်၊ ကြားနေတဲ့လူရဲ့ အသံကို နားမထောင်ဘူး။ လက်မခံနိုင်ပဲနဲ့ ဟိုဘက်ကလား ဒီဘက်က လားဆိုတာ ပြောတာပေါ့။ ဒါက အဓိက ဒါကိုသွားပြနေတာ ပြောရမယ်ဆိုရင် လစ်ဘရယ် သမားတွေ မထွန်းကား ဘူး။ သူတို့ပြောနေတဲ့ လစ်ဘရယ်၊ လစ်ဘရယ် အစစ်မဟုတ်ဘူး၊ ဒီလူတွေက တဖက်ပိတ်နေတဲ့ လစ်ဘရယ် အရေခြုံတွေ ငါနဲ့မတူ ငါ့ရန်သူလို့ သဘောထားတဲ့ သူတွေက ဘယ်လိုလုပ် လစ်ဘရယ် ဟုတ်မလဲ။ အဲ့ဒီ စိတ်ဓာတ်ကြောင့် ပါတီတွေကွဲ များတာ။ စကားနားမထောင်ဘူး။ ငါ့စကားပဲ နားထောင်ရမယ်၊ မင်းအယူအဆ ငါလက်မခံဘူးဆိုတဲ့ National character ကြီးလို ဖြစ်လာတယ်ပေါ့။ အဓိကတော့ ပုဂ္ဂိုလ်ရေး အဓိကထားလို့ ဖြစ်တာ။ နောက်ပြီးတော့ သည်းညင်းမခံလို့ လစ်ဘရယ်အတုမို့လို့ အဲ့လိုဖြစ်တာ”ဟု ပြောသည်။
ယခုလို ပါတီစုံကျင့်သုံးသည့် ဒီမိုကရေစီခေတ်ကျမှ တစ်စိတ်ရှိ အမျိုးသားနိုင်ငံရေးဆိုသည့် စကားလုံးများနှင့် ၎င်းတို့သာလျှင် မြန်မာနိုင်ငံကောင်းစားရေးကို ကိုယ်ကျိုးစွန့်လွှတ် လုပ်ဆောင်နေသယောင် ပုံဖော်နေကြသည် ကိုလည်း သတိထား ဆင်ခြင်ရန် လိုအပ်သည်ဟု နိုင်ငံရေးလေ့လာစောင့်ကြည့်သူများက ထောက်ပြကြသည်။
မြန်မာနိုင်ငံတွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်၌ ရွေးကောက်ပွဲ အပိုင်း(၁)ကိုလည်းကောင်း၊ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်မှာ ရွေးကောက်ပွဲ အပိုင်း(၂)ကိုလည်းကောင်း၊ ဇန်နဝါရီလ နောက်ဆုံးပတ်တွင် ရွေးကောက်ပွဲ အပိုင်း(၃)ကို လည်းကောင်း ကျင်းပမည်ဖြစ်သည်။
အဆိုပါ ရွေးကောက်ပွဲကာလအတွင်း နိုင်ငံရေးသမားများနှင့် နိုင်ငံရေးပါတီများသည် လူထု မဲဆွယ်စည်းရုံးရေး များ ပြုလုပ်လျက်ရှိနေသည်။ ရွေးကောက်ပွဲအလွန်တွင် နိုင်ငံရေးပါတီများနှင့် နိုင်ငံရေးသမားများသည် လူထုနှင့် ကင်းကွာသွားကြသည်။
