CNI Sport News

၂၀၂၅ ခုနှစ်၊ ဩဂုတ် ၁၅

စီးရီးအေကလပ် ရိုးမားအသင်းဟာ အင်္ဂလန်တောင်ပံ ကစားသမား ဆန်ချိုကို အပြီးသတ်ခေါ်ယူဖို့ ယူနိုက်တက် အသင်းနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။

နွေရာသီ အပြောင်းအရွှေ့မှာ ယူနိုက်တက်အသင်းကနေ ထွက်ခွာခွင့် တောင်းဆိုထားတဲ့ ဆန်ချိုဟာ အပြောင်းအရွှေ့ နောက်ဆုံးရက် မတိုင်မီ အသင်းသစ် ရှာဖွေမှုတွေ ပြုလုပ်နေတာပါ။ 

လွန်ခဲ့တဲ့ ၁၈ လက ဒေါ့မွန်နဲ့ ချယ်လ်ဆီးအသင်းတွေမှာ အငှားကစားခဲ့တဲ့ ဆန်ချိုဟာ ယူနိုက်တက်အသင်းရဲ့ ရာသီကြို ခြေစမ်းပွဲတွေမှာ ပါဝင်ခွင့် မရသလို အသင်းနဲ့အဝေးမှာ သီးခြားလေ့ကျင့်မှုတွေ ပြုလုပ်နေရတာ ဖြစ်ပါတယ်။ 

ယူနိုက်တက်အသင်းဟာ ဆန်ချိုကို ကျောနံပါတ်တောင် ပေးထားခြင်းမရှိဘဲ အပြီးသတ် ရောင်းချနိုင်ဖို့ လုပ်ဆောင်နေတာပါ။

ရိုးမားအသင်းဟာ ဆန်ချိုအတွက် ယူနိုက်တက်အသင်းကို ဆက်သွယ်ခဲ့ပြီး ပေါင်သန်း ၂၀ နဲ့ အပြီးသတ် ခေါ်ယူဖို့ ဆန္ဒရှိနေတာ ဖြစ်ပါတယ်။

ဆန်ချိုကို တွေ့ရစဉ်

ဆန်ချိုကို တူရကီကလပ်ဘက်ဆီ တပ်စ်အသင်းက ခေါ်ယူဖို့ စိတ်ဝင်စားနေပေမယ့် သူကတော့ ဥရောပထိပ်တန်း လိဂ်တွေမှာသာ ဆက်ပြီး ကစားချင်နေတာပါ။ 

ဆန်ချိုဟာ ရိုးမားအသင်းထံ ပြောင်းရွှေ့ဖို့ မီးစိမ်းပြသ ထားတယ်လို့လည်း သတင်းတွေမှာ ဖော်ပြထားပါတယ်။ 

ရိုးမားအသင်းဟာ အက်စတွန်ဗီလာအသင်း တောင်ပံကစားသမား ဘိုင်လေကို ခေါ်ယူဖို့လည်း စိတ်ဝင်စား နေပါတယ်။ 

ဆန်ချိုနဲ့ ယူနိုက်တက်အသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ဒီရာသီကုန်ရင် ကုန်ဆုံးမှာဖြစ်ပြီး သူဟာ အသင်း အတွက် ၂၀၂၃ ခုနှစ်၊ သြဂုတ်ထဲ ကစားခဲ့တဲ့ပွဲစဉ်မှာ နောက်ဆုံး ပါဝင်ကစားခဲ့တာပါ။ 

ယူနိုက်တက်အသင်းဟာ ဆန်ချိုရဲ့ အပြောင်းအရွှေ့ကို အမြန်ဆုံး အပြီးသတ် ချင်နေသလို ကစားသမားကလည်း အသင်းသစ်နဲ့အတူ ပူးပေါင်းဖို့ စိတ်အားထက်သန်နေပါတယ်။ 

ယူနိုက်တက်အသင်းဟာ ဆန်ချိုအပြင် အသင်းရဲ့ အစီအစဉ်မှာ ပါဝင်ခြင်း မရှိတော့တဲ့ ဂါနာချို၊ အန်တိုနီနဲ့ မာလာစီယာတို့ကိုလည်း အပြောင်းအရွှေ့ မပိတ်မီမှာ ရောင်းချနိုင်ဖို့ မျှော်လင့်နေတာဖြစ်ပါတယ်။ 

Source: ESPN