CNI Sport News
၂၀၂၅ ခုနှစ်၊ ဩဂုတ် ၁၅
အာဆင်နယ်အသင်းဂန္ထဝင် အွန်နရီက စပို့တင်းလစ္စဘွန်း အသင်းကနေ ပေါင် ၆၄ သန်းနဲ့ ခေါ်ယူထားတဲ့ တိုက်စစ်မှူးသစ် ယိုကီရက်စ်ကို စိတ်ရှည်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။
အွန်နရီက “တိုက်စစ်မှူး တစ်ဦးအကြောင်းပြောတဲ့ အချိန်မှာ မလိုအပ်တဲ့ ဖိအားတွေကို ယူဆောင်လာတာကြောင့် ဒါက အမြဲတမ်းမျှတမှု မရှိပါဘူး။ ယိုကီရက်စ်ဟာ ဂိုးဧရိယာထဲမှာ အဆုံးသတ်နိုင်တဲ့ သူဆိုတာ နံပါတ်တွေက လိမ်ညာနေတာ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း တစ်ခါတစ်ရံမှာ ချက်ချင်း ခြေစွမ်းမပြသ နိုင်ဘူးဆိုတာကို နားလည်ရပါမယ်။ သူ့ကို စိတ်ရှည်ပေးရမှာဖြစ်ပြီး အခုအချိန်မှာ လူတွေက စိတ်မရှည်ကြတော့ပါဘူး။ သူတို့တွေ ဟာ ကစားသမားတွေကို အခုအချက်ချင်း ခြေစွမ်းပြပြီး သွင်းဂိုးတွေ သွင်းယူကာ အနိုင်ရလဒ် ရယူချင်နေပါတယ်”လို့ Betway မှာ ပြောခဲ့တာပါ။
အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့ရာသီတွေမှာ တိုက်စစ်ပိုင်းက သွင်းဂိုးတွေ ရယူနိုင်ဖို့ ရုန်းကန်ခဲ့ရတာကြောင့် ယိုကီရက်စ်ကို ခေါ်ယူကာ ဒီအခက်အခဲတွေကို ဖြေရှင်းနိုင်ဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။
ယိုကီရက်စ်ကို တွေ့ရစဉ်
ယိုကီရက်စ်ဟာ စပို့တင်းလစ္စဘွန်းအသင်းမှာ ကစားခဲ့တဲ့ ၂ ရာသီအတွင်း ၁၀၂ ပွဲ ကစားခဲ့တာမှာ ၉၇ ဂိုးအထိ သွင်းယူနိုင်ခဲ့တာကြောင့် နွေရာသီ အပြောင်းအရွှေ့မှာ အသင်းကြီးတွေရဲ့ ပစ်မှတ်ဖြစ်ခဲ့တာပါ။
ယိုကီရက်စ်ဟာ အာဆင်နယ်အသင်းထံ ပြောင်းရွှေ့လာချိန်မှာ ဂန္ထဝင်အွန်နရီရဲ့ ကျောနံပါတ် ၁၄ ကို ဝတ်ဆင်ဖို့ ရွေးချယ်ခဲ့တာဖြစ်ပါတယ်။
အွန်နရီက ယိုကီရက်စ်ဟာ အသင်းအတွက် ကောင်းမွန်စွာ လုပ်ဆောင်ပြီး ဂိုးတွေသွင်းယူကာ ဆုဖလား ရယူပေး နိုင်ဖို့ မျှော်လင့်ပေမယ့် သူတစ်ဦးတည်းလုပ်လို့ မရတဲ့အတွက် သူ့ကို စိတ်ရှည်ပေးဖို့ ပရိသတ်တွေကို ပြောခဲ့ တာပါ။
ပြီးခဲ့တဲ့ ဘီလ်ဘာအိုအသင်းနဲ့ ခြေစမ်းပွဲမှာ အာဆင်နယ်အသင်းအတွက် ဂိုးသွင်းယူနိုင်ခဲ့တဲ့ ယိုကီရက်စ်ကို အသင်းပရိသတ်တွေက အများကြီး မျှော်လင့်နေကြတာ ဖြစ်ပါတယ်။
ယိုကီရက်စ်ဟာ သြဂုတ် ၁၇ ရက်မှာ ကစားမယ့် ယူနိုက်တက်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အာဆင်နယ် အသင်းရဲ့ ပွဲထွက် လူစာရင်းထဲ ပါဝင်ပြီး သွင်းဂိုးတွေ သွင်းယူနိုင်ဖို့ ပစ်မှတ်ထားနေတာ ဖြစ်ပါတယ်။
Source: Metro