CNI Sport News

၂၀၂၅ ခုနှစ်၊ ဩဂုတ် ၁၄

ဂျာမနီအသင်း နည်းပြဟောင်း ဂျိုအာချင်လိုဟာ ကမ္ဘာ့ဖလားပြိုင်ပွဲကို ပထမဆုံးအကြိမ် ဝင်ပြိုင်ခွင့်ရဖို့ ခြေစစ်ပွဲ အောင်မြင်ထားတဲ့ ဥဇဘတ်ကစ္စတန် လက်ရွေးစင်အသင်းရဲ့ နည်းပြရာထူး ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့ပါတယ်။ 

ဂျာမနီအသင်းကို ၂၀၁၄ ကမ္ဘာ့ဖလား ချန်ပီယံဆု ရရှိအောင် ကိုင်တွယ်ပေးခဲ့တဲ့ ဂျိုအာချင်လိုဟာ သူတို့ရဲ့ လက်ရွေးစင်အသင်းကို ကိုင်တွယ်ဖို့ ဥဇဘတ်ကစ္စတန် ဘောလုံးအဖွဲ့ချုပ်ရဲ့ ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့တာပါ။ 

ဥဇဘတ်ကစ္စတန်အသင်းဟာ သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် ကမ္ဘာ့ဖလားပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်ရဖို့ ခြေစစ်ပွဲ အောင်မြင်ခဲ့ပြီးနောက် အတွေ့အကြုံရှိတဲ့ နည်းပြတစ်ဦးကို ခန့်အပ်ဖို့ မျှော်လင့်ချက် မြင့်မားခဲ့တာ ဖြစ်ပါတယ်။ 

ဖီဖာကမ္ဘာ့အဆင့် သတ်မှတ်ချက် အဆင့် ၅၅ နေရာ ရပ်တည်နေတဲ့ ဥဇဘတ်ကစ္စတန်အသင်းဟာ အမေရိကန်၊ မက္ကဆီကိုနဲ့ ကနေဒါနိုင်ငံတို့က ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အကောင်းဆုံး လုပ်ပြ နိုင်ဖို့ စိတ်အားထက်သန်နေတာပါ။

အဲဒါကြောင့် ဘာလင်မှာရှိတဲ့ သူတို့ရဲ့သံရုံး အကူအညီနဲ့ ဥဇဘတ်ကစ္စတန် ဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူတွေဟာ ဂျာမနီအသင်းနည်းပြဟောင်း ဂျိုအာချင်လိုနဲ့ ဆွေးနွေးမှု ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ 

ဥဇဘတ်ကစ္စတန်ကို တွေ့ရစဉ်

အပြုသဘောဆောင်တဲ့ အွန်လိုင်း အစည်းအဝေး ရှိခဲ့ပေမယ့် အသက် ၆၅ နှစ်အရွယ်ရှိ ဂျိုအာချင်လိုဟာ နောက်ဆုံးမှာ ဥဇဘတ်ကစ္စတန် ဘောလုံးအဖွဲ့ချုပ်ရဲ့ ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့တာပါ။ 

ဂျိုအာချင်လိုဟာ ကမ္ဘာ့ဘောလုံးလောကမှာ အလေးစား ခံရဆုံး နည်းပြတွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခြင်း ခံထားရပြီး ဂျာမနီအသင်းကို ၂၀၁၄ ကမ္ဘာ့ဖလား ရယူပေးနိုင်ခဲ့တဲ့နှစ်မှာ ဖီဖာရဲ့တစ်နှစ်တာ အကောင်းဆုံး နည်းပြ ဆုကို ရရှိခဲ့တာဖြစ်ပါတယ်။ 

ဂျိုအာချင်လိုဟာ ဂျာမနီအသင်းကို ၂၀၀၆ ကနေ ၂၀၂၁ ခုနှစ်အထိ ကိုင်တွယ်ခဲ့ပြီး ၂၀၂၁ ခုနှစ်၊ မတ်လမှာ နည်းပြ ရာထူးကနေ နှုတ်ထွက်ခဲ့ပါတယ်။ 

ဂျိုအာချင်လိုဟာ ဒီနောက်ပိုင်းမှာ နည်းပြရာထူးအတွက် ကမ်းလှမ်းမှုတွေ ရခဲ့ပေမယ့် ဘယ်အသင်းကိုမှ ကိုင်တွယ်ခဲ့ခြင်း မရှိတာပါ။

ဥဇဘတ်ကစ္စတန် ဘောလုံးအဖွဲ့ချုပ်ဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ မတိုင်မီ အတွေ့အကြုံရှိတဲ့ နည်းပြတစ်ဦးကို ခန့်အပ်ဖို့ ရှာဖွေမှုတွေ ဆက်ပြီးပြုလုပ်သွားဖို့ ရှိနေတာဖြစ်ပါတယ်။ 

Source: Goal