CNI News
၂၀၂၅ ခုနှစ်၊ ဧပြီ ၁၀
မြန်မာနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်များ စာရင်းဝင် ဦးဇော်ဇော်က မန္တလေးမြို့မှာ ငလျင်ဘေးသင့် ပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ရန်အတွက် ကုတင် ၂၀၀ ဆံ့ ယာယီဆေးရုံကို ၂၀၂၅ ခုနှစ်၊ ဧပြီ ၈ ရက်က စတင် ဖွင့်လှစ်ခဲ့ကြောင်း ဧရာဝတီဖောင်ဒေးရှင်းက ထုတ်ပြန်ခဲ့သည်။
ဧရာဝတီဖောင်ဒေးရှင်းသည် ငလျင်ဒဏ်သင့် မန္တလေးပြည်သူ့ဆေးရုံကြီးအတွက် HDU(၁၂) ကုတင်ပါ ကုတင် (၅၀) ဆံ့ ယာယီဆေးရုံကို ဧပြီ ၆ ရက်က ဖွင့်လှစ်ပေးခဲ့သည်။
ထို့နောက် မန္တလေးကန်တော်နဒီ ပြည်သူ့ဆေးရုံအတွက် HDU(၆)ကုတင်ပါ ကုတင်(၁၅၀) ဆံ့ ယာယီဆေးရုံကို ဧပြီ ၈ ရက်က ဖွင့်လှစ်ပေးခဲ့သည်။
အလားတူ မန္တလေးအရိုးအထူးကုဆေးရုံကြီးနှင့် စစ်ကိုင်းမြို့နယ် ပြည်သူ့ဆေးရုံအတွက် ကုတင် (၁၀၀) ဆံ့ ယာယီ ဆေးရုံ တစ်ခုစီကိုလည်း အမြန်ဆုံး ထပ်မံဖွင့်လှစ်ပေးမည်ဟု ဧရာဝတီဖောင်ဒေးရှင်းက ထုတ်ပြန်ခဲ့သည်။
ဦးဇော်ဇော် ဆောက်ပေးတဲ့ ယာယီဆေးရုံကို တွေ့ရစဉ်
မြန်မာနိုင်ငံ၊ မန္တလေးမြို့အနီး စစ်ကိုင်းမြို့ကို ဗဟိုပြု၍ ၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်က ငလျင်လှုပ်ခတ်သွားခဲ့ သည်။
အဆိုပါ ငလျင်ကြောင့် ၂၀၂၅ ခုနှစ်၊ ဧပြီ ၉ ရက်နေ့အထိ စာရင်းအရ လူ ၃၆၄၅ ဦးသေဆုံးပြီး ၅၀၁၈ ဦးထိခိုက် ဒဏ်ရာများရရှိကာ ၁၄၈ ဦး ပျောက်ဆုံးနေကြောင်း နစက,က သတင်းထုတ်ပြန်ထားသည်။
အလားတူ လမ်းတံတားများ၊ ဆက်သွယ်ရေး ကွန်ရက်များ၊ လျှပ်စစ်မီးများ၊ စာသင်ကျောင်းများ၊ ဆေးရုံများ၊ ဘာသာရေးအဆောက်အအုံများ၊ ဟိုတယ်များ၊ လူနေအိမ်များ၊ အစိုးရရုံးများ၊ ဝန်ထမ်းအိပ်ယာများ ပြိုကျပျက်စီး ဆုံးရှုံးလျက်ရှိသည်။