CNI International News

ဗီယန်ကျင်း၊ စက်တင်ဘာ ၂

လက်ရှိ အာဆီယံဥက္ကဋ္ဌဖြစ်သည့် လာအိုနိုင်ငံ၏ ဗီယန်ကျင်း (Vientiane) မြို့တော်တွင် အောက်တိုဘာ ၈ ရက်မှ ၁၁ ရက်အတွင်း အာဆီယံနှင့်ဆက်စပ်သည့် အစည်းအဝေးများကို နှစ်ကြိမ်ပြုလုပ် သွားမည်ဖြစ်ကြောင်း လာအို နိုင်ငံခြားရေးဝန်ကြီးဌာန၏ အာဆီယံရေးရာဌာနက ထုတ်ပြန်ခဲ့ကြောင်း Thai PBS World မှ ဖော်ပြခဲ့သည်။

ဇန်နဝါရီလက ပြုလုပ်ခဲ့သည့် အာဆီယံ အစည်းအဝေးအတွင်း အောက်တိုဘာလတွင် လာအို၌ အာဆီယံ အစည်းအဝေးများ နှစ်ကြိမ်ဆက်တိုက် ကျင်းပမည့်အကြောင်းကို အဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများအား အကြောင်းကြားခဲ့ကြောင်း သိရသည်။

ထိုအစည်းအဝေးများ ကျင်းပမည့် ကာလအတွင်း အာဆီယံ ခေါင်းဆောင်များနှင့် ဆွေးနွေးပွဲ မိတ်ဖက်နိုင်ငံများ အကြား အစည်းအဝေးပေါင်း ၂၀ ကျော်ကို ပြုလုပ်သွားမည်ဖြစ်ပြီး ကနေဒါနိုင်ငံသည် ပထမဆုံးအကြိမ်အဖြစ် အာဆီယံခေါင်းဆောင်များနှင့် အထူးအစည်းအဝေး ပြုလုပ်သွားမည်ဖြစ်သည်။

ထိုအစည်းအဝေးများ ပြုလုပ်ပြီးနောက် အရှေ့အာရှညီလာခံကို ထပ်မံပြုလုပ် သွားမည်ဖြစ်ပြီး ထိုညီလာခံတွင် အမေရိကန်၊ တရုတ်၊ ရုရှား၊ အိန္ဒိယ၊ ဩစတြေးလျကဲ့သို့ အင်အားကြီးနိုင်ငံများမှ ခေါင်းဆောင်များ တက်ရောက် မည်ဖြစ်သည်။

လာအိုနိုင်ငံမှာ အာဆီယံ နိုင်ငံခြားရေးဝန်ကြီး အစည်းအဝေးကို တွေ့ရစဉ်

ထို့ပြင် အာဆီယံခေါင်းဆောင်များသည် တောင်ကိုရီးယားနှင့်လည်း ပြည့်စုံကျယ်ပြန့်သည့် မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး(CPS) ကို ထူထောင်ရန် သဘောတူညီချက် ရရှိအောင် လုပ်ဆောင်သွားမည်ဖြစ်သည်။

လက်ရှိ အာဆီယံတွင် CPS သဘောတူညီချက် ရရှိထားသည့် နိုင်ငံ ၆ နိုင်ငံရှိပြီး ထိုနိုင်ငံများမှာ တရုတ်၊ ဩစတြေး လျ၊ အမေရိကန်၊ အိန္ဒိယ၊ ဂျပန်နှင့် တောင်ကိုရီးယားတို့ ဖြစ်သည်။ 

နယူးဇီလန်နိုင်ငံသည်လည်း ပြီးခဲ့သည့် ဩဂုတ်လတွင် ပြုလုပ်ခဲ့သည့် အာဆီယံ နှစ်ပတ်လည် အစည်းအဝေးတွင် CPS ကို လျှောက်ထားခဲ့သည်။

လာအိုတွင် ပြုလုပ်မည့် အာဆီယံနှင့် ဆက်စပ် အစည်းအဝေးများအတွင်း အာဆီယံ ခေါင်းဆောင်များသည် အာဆီယံ လွှတ်တော်ဆိုင်ရာညီလာခံ (ASEAN Inter-Parliamentary Assembl)၊ အာဆီယံ စီးပွားရေး အကြံပေး ကောင်စီ (ASEAN Business Advisory Council) နှင့် အာဆီယံ လူငယ်များအဖွဲ့ (ASEAN Youth) မှ ကိုယ်စားလှယ်များနှင့်လည်း ဆွေးနွေးမှုများ ပြုလုပ်မည်ဖြစ်သည်။

အောက်တိုဘာ ၈ ရက်တွင် စတင်ပြုလုပ်မည့် ထိုအစည်းအဝေးများ မတိုင်မီ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ သည် အစည်းအဝေး အစီအစဉ်များအတွက် ပြင်ဆင်ရန် အာဆီယံညှိနှိုင်းဆောင်ရွက်ရေးကောင်စီ အစည်းအဝေး ၏ မူဘောင်အောက်တွင် အစည်းအဝေးများ ပြုလုပ်သွားမည်ဖြစ်သည်။

Source: Thai PBS World