CNI International News

ဗီယင်ကျန်း၊ မတ်လ ၆

လာအိုနိုင်ငံ၊ ဗီယင်ကျန်း (Vientiane) မြို့တော်တွင် မတ်လ ၅ ရက်က ပြုလုပ်ခဲ့သည့် အာဆီယံ ကာကွယ်ရေး ဝန်ကြီးများ အစည်းအဝေးကို မြန်မာ့တပ်မတော်မှ ထိပ်သီးအရာရှိတစ်ဦး တက်ရောက်ခဲ့သည်ဟု ဘန်ကောက်ပို့စ် မှ ဖော်ပြခဲ့သည်။

ထိုအစည်းအဝေး တက်ရောက်မှုသည် မြန်မာ့တပ်မတော် အနေဖြင့် အာဆီယံအဖွဲ့နှင့် ပူးပေါင်း ဆောင်ရွက် လိုသော သဘောထားကိုပြသသည့် လက္ခဏာတစ်ရပ်အဖြစ် မှတ်ယူနိုင်သည်ဟု ကျွမ်းကျင်သူများက သုံးသပ်ခဲ့ သည်။

ယခုတစ်ကြိမ် အစည်းအဝေး တက်ရောက်မှုသည် ယခုနှစ်အတွင်း အဖွဲ့ဝင် ၁၀ နိုင်ငံပါဝင်သည့် အာဆီယံ ထိပ်သီး အစည်းအဝေးတွင် မြန်မာနိုင်ငံက ဒုတိယအကြိမ်မြောက် ပါဝင်ခဲ့ခြင်းလည်း ဖြစ်သည်။

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို တက်ရောက်နေသည့် မြန်မာကိုယ်စားလှယ်ကို တွေ့ရစဉ်

၂၀၂၁ ခုနှစ်၊ အောက်တိုဘာလက အာဆီယံအဖွဲ့ဝင်များသည် အာဆီယံ အစည်းအဝေးများတွင် မြန်မာနိုင်ငံမှ နိုင်ငံရေးနှင့်မသက်ဆိုင်သည့် ကိုယ်စားလှယ်တစ်ဥိးကိုသာ တက်ရောက်ခွင့်ပေးရန် ဆုံးဖြတ်ခဲ့ပြီးနောက် မြန်မာ့တပ်မတော်သည် အာဆီယံဝန်ကြီးဌာနအဆင့် အစည်းအဝေးများကို တက်ရောက်ခြင်းမရှိခဲ့ဘဲ သပိတ် မှောက်ခဲ့သည်။

မတ်လ ၅ ရက်က ပြုလုပ်သည့် အာဆီယံ ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်သည့် မြန်မာ ကိုယ်စားလှယ်မှာ မြန်မာကာကွယ်ရေးဝန်ကြီးဌာန၏ နိုင်ငံတကာရေးရာဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဇော်နိုင် ဝင်း ဖြစ်သည်ဟု သံတမန်သတင်းအရင်းအမြစ်များက ဖော်ပြခဲ့သည်။

ဇန်နဝါရီလ ကုန်ပိုင်းကလည်း နစက၏ ထိပ်သီးအရာရှိတစ်ဦးနှင့် အခြား အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံခြား ရေးဝန်ကြီးများသည် လာအိုနိုင်ငံ၊ လူအန် ပရာဘန် (Luang Prabang) မြို့တွင် ဆွေးနွေးပွဲများ ပြုလုပ်ခဲ့သည်။

အာဆီယံကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးကို တက်ရောက်ခဲ့သည် ကိုယ်စားလှယ်များကို တွေ့ရစဉ်

ထိုဆွေးနွေးမှုများအတွင်း ထိုင်းနိုင်ငံက အဆိုပြုထားသည့် မြန်မာစစ်ဘေးရှာင်များအား အကူအညီများ ထောက်ပံ့ ပေးရန် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စင်္ကြံလမ်းတစ်ခု ဖော်ဆောင်မည့် အစီအစဉ်ကို အတည်ပြုခဲ့ သည်။

မတ်လ ၅ ရက်က ပြုလုပ်သည့် အစည်းအဝေးတွင် မြန်မာနိုင်ငံ၏ ပါဝင်မှုသည် မြန်မာပြည်သူများနှင့် သက်ဆိုင် ရာ အဖွဲ့အစည်းများအတွက် အကျိုးရှိစေလိမ့်မည်ဟု ထိုင်းကာကွယ်ရေးဝန်ကြီး ဆူတင် ကလန်ဆန် (Sutin Klungsang) က Kyodo News ကို ပြောကြားခဲ့သည်။

“ဒါဟာ ၂၀၂၁ ခုနှစ်၊ ဧပြီလက အာဆီယံနဲ့ မြန်မာနိုင်ငံအကြား ရရှိခဲ့တဲ့ ငြိမ်းချမ်းရေး အစီအစဉ်ကို အကောင် အထည် ဖော်ရေးနဲ့ပတ်သက်ပြီး အများသဘောဆန္ဒတွေ ထူထောင်ရာမှာ သဘောထားကွဲလွဲမှုတွေကို ကျဉ်းမြောင်းစေပါလိမ့်မယ်”ဟု မစ္စတာ ဆူတင်က ပြောကြားခဲ့သည်။

Source: ဘန်ကောက်ပို့စ်