CNI International News

ဘေကျင်း၊ မတ်လ ၆

မော်လ်ဒိုက်နိုင်ငံအတွင်းရှိ အိန္ဒိယစစ်သားများ ထွက်ခွာသွားရန် မော်လ်ဒိုက်အစိုးရက တောင်းဆိုခဲ့ပြီးနောက် မော်လ်ဒိုက်နှင့်တရုတ်အကြား စစ်ရေးသဘောတူစာချုပ်တစ်ခု ချုပ်ဆိုခဲ့သည်ဟု ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။

ထို့နောက် မော်လ်ဒိုက်ကို စစ်ရေးအကူအညီများ အခမဲ့ထောက်ပံ့ပေးရန် တရုတ်က သဘောတူခဲ့သည်။

မော်လ်ဒိုက်သည် ၎င်းနိုင်ငံအတွင်းရှိ အိန္ဒိယစစ်သားများကို နိုင်ငံအတွင်းမှ ထွက်ခွာရန် တောင်းဆိုခဲ့ပြီးနောက် တရုတ်နှင့် ကာကွယ်ရေးကဏ္ဍတွင် ဆက်ဆံရေးများ တိုးမြှင့်ခဲ့ခြင်းဖြစ်သည်။

စစ်ရေး အထောက်အပံ့များနှင့်ပတ်သက်ပြီး မော်လ်ဒိုက် ကာကွယ်ရေးဝန်ကြီးဌာနက တရုတ်နှင့် သဘောတူ စာချုပ်တွင် လက်မှတ်ရေးထိုးခဲ့ပြီးနောက် နှစ်နိုင်ငံအကြား ဆက်ဆံရေးများကိုလည်း မြှင့်တင်မည်ဖြစ်ကြောင်း မတ်လ ၄ ရက်က X လူမှုမီဒီယာ၌ ပြောကြားခဲ့သည်။

နှစ်နိုင်ငံ ကာကွယ်ရေး အရာရှိများအကြား အဆိုပါ သဘောတူစာချုပ် လက်မှတ်ရေးထိုးသည့် အခမ်းအနား ဓာတ်ပုံများကို မော်လ်ဒိုက်ကာကွယ်ရေးဝန်ကြီးဌာနက လူမှုမီဒီယာတွင် ထုတ်ပြန်ခဲ့သည်။

သို့သော်လည်း ထိုသဘောတူညီချက်နှင့် ပတ်သက်သည့် အသေးစိတ် အချက်အလက်များကိုမူ ဖော်ပြခဲ့ခြင်း မရှိပေ။

 အိန္ဒိယ၀န်ကြီးချုပ် မိုဒီနဲ့ မော်လ်ဒိုက်သမ္မတ မိုဟာမက် မူအစ်ဇူကို တွေ့ရစဉ်

ပြီးခဲ့သည့်နှစ် စက်တင်ဘာလက ပြုလုပ်သည့် မော်လ်ဒိုက်သမ္မတ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့် သမ္မတ မိုဟာမက် မူအစ်ဇူ (Mohamed Muizzu) သည် သမ္မတအဖြစ် စတင်ရုံးထိုင်ခဲ့ပြီးနောက် ယခုသဘောတူစာချုပ် ချုပ်ဆိုမှုသည် နှစ်နိုင်ငံဆက်ဆံရေးများ နီးစပ်လာသည့် အခြေအနေတစ်ခု ဖြစ်ခဲ့သည်။
မူအစ်ဇူက ၎င်းနိုင်ငံအပေါ် အိန္ဒိယ၏ ဩဇာလွှမ်းမိုးမှုကို လျှော့ချရန်နှင့် တရုတ်နှင့် ဆက်ဆံရေးတိုးမြှင့်ရန် လုပ်ဆောင်မည်ဟု ကတိပြုထားသည်။ 

ဇန်နဝါရီလအတွင်းကလည်း မူအစ်ဇူသည် တရုတ်နိုင်ငံ၊ ဘေကျင်းမြို့တော်တွင် တရုတ်သမ္မတ ရှီကျင့်ဖျင် (Xi Jinping) နှင့် တွေ့ဆုံသည့် ခရီးစဉ်မတိုင်မီ မော်လ်ဒိုက်ကျွန်းပေါ်ရှိ အိန္ဒိယစစ်သားများကို ပြန်လည်ရုပ်သိမ်းရန် တရားဝင် တောင်းဆိုချက် ထုတ်ပြန်ခဲ့သည်။

အိန္ဒိယအစိုးရကမူ မော်လ်ဒိုက်ရှိ ၎င်း၏ စစ်သားများကို မေလ ၁၀ ရက်မတိုင်မီ အပြီးသတ် ရုပ်သိမ်းပေးမည်ဟု ပြောကြားခဲ့သည်။

အိန္ဒိယနှင့် တရုတ်သည် မော်လ်ဒိုက်နိုင်ငံအပေါ် ဩဇာလွှမ်းမိုးမှုကို ရရှိရန် အပြိုင်အဆိုင် ကြိုးပမ်းခဲ့ပြီး မော်လ်ဒိုက်၏ အခြေခံအဆောက်အအုံကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများ၊ ချေးငွေများ ထုတ်ပေးမှုများ ပြုလုပ်ခဲ့သည်။

Source: ဘန်ကောက်ပို့စ်