CNI International News
ဝါရှင်တန်၊ နိုဝင်ဘာ ၁၃
အမေရိကန်သမ္မတလောင်း ဒေါ်နယ်ထရမ့် (Donald Trump) သည် အထက်လွှတ်တော်အမတ် မာကို ရူဘီယို (Marco Rubio) ကို နိုင်ငံခြားရေးဝန်ကြီးရာထူး ခန့်အပ်ဖွယ်ရှိကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
ထို့ကြောင့် ဖလော်ရီဒါ (Florida) ဇာတိ ရူဘီယိုသည် လာမည့်နှစ် ဇန်နဝါရီလတွင် ထရမ့်၏ သမ္မတကျမ်းသစ္စာ ကျိန်ဆိုမှုအပြီး၌ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး တာဝန်ကို ထမ်းဆောင်ရမည့် ပထမဆုံး လက်တင် အမေရိကန် တိုက်သား ဖြစ်လာမည်ဖြစ်သည်။
ထိုအကြောင်းအရာနှင့်ပတ်သက်ပြီး ထရမ့်နှင့် ရူဘီယိုတို့၏ ကိုယ်စားလှယ်များက မှတ်ချက်ပေးရန် တောင်းဆို ချက်ကို ချက်ချင်းတုန့်ပြန်ခဲ့ခြင်းမရှိပေ။
ရူဘီယိုသည် နိုင်ငံခြားရေးဝန်ကြီးရာထူး ခန့်အပ်ခံရဖွယ်ရှိသူများ စာရင်းတွင် သဘောထား အတင်းမာဆုံး နိုင်ငံရေးသမားတစ်ဦး ဖြစ်သည်။
ဒေါ်နယ်ထရမ့်နဲ့ ရူဘီယိုကို တွေ့ရစဉ်
သူသည် မကြာသေးမီ နှစ်များအတွင်း တရုတ်၊ အီရန်နှင့် ကျူးဘား အပါအဝင် အမေရိကန်၏ ပထဝီနိုင်ငံရေး ရန်ဘက်များအပေါ် တင်းမာသည့် နိုင်ငံခြားရေးမူဝါဒ ချမှတ်ကျင့်သုံးရန် တိုက်တွန်းခဲ့ဖူးသည်။
ထို့နောက် သူသည် ထရမ့်၏ သဘောထားနှင့် ပိုမိုလိုက်လျောညီထွေ ရှိစေရန်အတွက် ၎င်း၏ သဘောထား အချို့ကို ဖြေလျှော့ပေးခဲ့သည်။
ထရမ့်ကမူ ယခင် အမေရိကန်သမ္မတများသည် အမေရိကန်နိုင်ငံကို ထိခိုက်နစ်နာစေသည့် စစ်ပွဲများအတွင်းသို့ ဆွဲခေါ်ခဲ့ကြောင်း စွပ်စွဲခဲ့ပြီး ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်သည့် နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးရန် တိုက်တွန်း ခဲ့သည်။
ထရမ့်၏ အစိုးရအဖွဲ့သစ်သည် ယခင် ထရမ့်၏ ပထမသက်တမ်းဖြစ်သည့် ၂၀၁၇ ခုနှစ်ကနှင့် နှိုင်းယှဉ်ပါက ပိုမိုကြီးမားသည့် စိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းရမည်ဖြစ်သည်။
အထူးသဖြင့် ယူကရိန်းပဋိပက္ခ၊ အရှေ့အလယ်ပိုင်းပဋိပက္ခ၊ တရုတ်-ရုရှား-အီရန်တို့ ဆက်ဆံရေး ပိုမို မြင့်တက်လာ မှုများကို အဓိကထား ဖြေရှင်းရမည်ဖြစ်ကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
Source: Reuters