CNI International News

ဝါရှင်တန်၊ ဇွန်လ ၂၁

အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာ မိုဒီ (Narendra Modi) အား နိုင်ငံတော်အဆင့် ခရီးစဉ် ဖိတ်ကြားမှုသည် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden) အတွက် ထူးဆန်းသော ရွေးချယ်မှုဖြစ်ကြောင်း အေပီက ရေးသား ခဲ့သည်။ 

လွန်ခဲ့သော ၁၆ လက ယူကရိန်းအား ကျူးကျော်ရန် ရုရှားသမ္မတက အမိန့်ပေးခဲ့ပြီးနောက်တွင် အိန္ဒိယသည် ဈေးချိုသော ရုရှားရေနံများကို ဝယ်ယူမှု မြှင့်တင်ခြင်းဖြင့် ယင်း(အိန္ဒိယ)၏ စီးပွားရေးအား မြှင့်တင်ခဲ့သည်။ 

လူ့အခွင့်အရေးအဖွဲ့များနှင့် နိုင်ငံရေး အတိုက်အခံများက မိုဒီသည် သဘောထား ကွဲလွဲသူများကို ဖိနှိပ်ခြင်း၊ ကွဲပြားသော မူဝါဒများဖြင့် မူဆလင်များ၊ တခြားသော မျိုးနွယ်စုများကို ခွဲခြားဆက်ဆံခြင်းတို့ လုပ်ဆောင်ခဲ့သည် ဟု စွပ်စွဲထားသည်။
 
အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဆူဘရာမန်ယန် ဂျိုင်ရှန်ကာ (Subrahmanyam Jaishankar) သည်လည်း မဟာမိတ် သို့မဟုတ် မိတ်ဆွေ မရှိကြောင်း၊ ရန်သူ-မိတ်ဆွေ ရောလျက်သာရှိကြောင်း ပြောထားသည်။ 

သို့သော် ဘိုင်ဒန်သည် အမေရိကန်၏ အိန္ဒိယနှင့် ဆက်သွယ်မှုများကို ဆက်ဆံရေးတစ်ခုအဖြစ် ရှုမြင်ထားသည်။ 

ဘိုင်ဒန်၏ အမြင်အရ အိန္ဒိယသည် လာမည့် နှစ်များတွင် ရာသီဥတုပြောင်းလဲမှု၊ မှတ်ဉာဏ်တုဆိုင်ရာ အငြင်းပွားမှု များနှင့် အင်ဒို - ပစိဖိတ်ဒေသ၌ တရုတ်၏ အင်အားကြီးထွားလာမှုတို့ အပါအဝင် အခက်ခဲဆုံးသော ကမ္ဘာလုံးဆိုင် ရာ ပြဿနာများကို ဖြေရှင်းရန် မရှိမဖြစ် အရေးပါသည်ဟု သတ်မှတ်ထားသည်။ 

အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာ မိုဒီနဲ့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ကိုတွေ့ရစဉ်

လက်ရှိတွင် အိန္ဒိယနှင့် အမေရိကန်တို့သည် ကြီးမားရှုပ်ထွေးသော နိုင်ငံများ ဖြစ်သည်ကို မြင်တွေ့ရသည်ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင် (Antony Blinken) က ပြောသည်။ 

ပွင့်လင်းမြင်သာမှုကို မြှင့်တင်ရန်၊ ဈေးကွက်အတွင်း ဝင်ရောက်နိုင်မှုကို တိုးချဲ့ရန်၊ ဒီမိုကရေစီ စနစ်များကို ချဲ့ထွင် ရန်နှင့် ပြည်သူများအတွက် အလားအလာများကို အပြည့်အဝ အကောင်အထည် ဖော်ရန် လုပ်ဆောင်သွားရမည် ဖြစ်ကြောင်း၊ သို့သော် ထိုသို့သော ဆက်ဆံရေး လမ်းကြောင်းသည် ကတိကဝတ်များဖြင့် ဖြည့်ဆည်းထားကြောင်း ဘလင်ကင်က ပြောသည်။ 

အိန္ဒိယဝန်ကြီးချုပ်၏ အမေရိကန်ခရီးစဉ်သည် ဇွန်လ ၂၀ ရက်နေ့တွင် စတင်ခဲ့ပြီး လေးရက် ကြာမည်ဖြစ်သည်။

မိုဒီသည် နယူးယောက်တွင် အစည်းအဝေးပွဲများ ကျင်းပရန် စီစဉ်ထားသလို ကုလသမဂ္ဂတွင် ဇွန်လ ၂၁ ရက်နေ့၌ ကျင်းပမည့် အပြည်ပြည်ဆိုင်ရာ ယောဂနေ့ အခမ်းအနားကိုလည်း ဦးဆောင်သွားမည် ဖြစ်သည်။ 

ဘိုင်ဒန်သည် အိန္ဒိယနှင့် နီးကပ်သော ဆက်ဆံရေးကို တည်ဆောက်လိုသည်။ 

အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာ မိုဒီနဲ့ ရုရှားသမ္မတ ပူတင်ကိုတွေ့ရစဉ်

အမေရိကန်အစိုးရသည် ယင်း၏နိုင်ငံခြားရေး မူဝါဒကို အာရှဒေသသို့ အသားပေးကာ တရုတ်၏ စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရချိန်တွင် ဒေသတွင်း မိတ်ဖက်များ တည်ဆောက်ရန် ရည်ရွယ်ချက် ရှိသည်။ 

မိုဒီသည်လည်း အိန္ဒိယအတွက် ပို၍ အလားအလာ ကောင်းသော ခေတ်တစ်ခုကို တည်ဆောက်ရန် ကြိုးပမ်းလျက် ရှိသည်။ 

ပြီးခဲ့သည့် ၉ နှစ်ကျော် အာဏာရရှိချိန်တွင် ပေးခဲ့သော ကတိကို အကောင်အထည်ဖော်ရန် ဖြစ်သည်။

ထို့အပြင် အိန္ဒိယခေါင်းဆောင်သည် အမေရိကန်-အိန္ဒိယ စီးပွားရေးနှင့် စစ်ဖက် ဆက်ဆံရေးများကို မြှင့်တင်ရန် ရည်ရွယ်ချက် ရှိသည်။ 

ထို့အပြင် ၎င်းသည် ဟိမဝန္တာနယ်စပ် တစ်လျှောက်နှင့် အိန္ဒိယသမုဒ္ဒရာတို့တွင်း တရုတ်၏ စစ်ရေးလှုပ်ရှားမှုများ အပေါ် စိုးရိမ်မှု ရှိနေသည်။ 

အိန္ဒိယသည် လာဒတ်ခ် (Ladakh) တောင်တန်းဒေသတွင် တရုတ်နှင့် ကာလရှည် မတင်မကျ အခြေအနေနှင့် လည်း ရင်ဆိုင်နေရသည်။ 

Source: AP