CNI International News

ဝါရှင်တန်၊ မတ်လ ၂၄

နျူကလီးယား အစိတ်အပိုင်းများ ပါဝင်သည်ဟု ရုရှားဘက်မှ ယူဆထားသော ခဲယမ်းများကို ယူကရိန်းသို့ ထောက်ပံ့ သွားမည်ဖြစ်ကြောင်း ဗြိတိန်က ကြေညာခဲ့ပြီးနောက် ယူကရိန်းပဋိပက္ခသည် ပိုမိုပြင်းထန်လာလိမ့် မည်ဟု ရုရှားဘက်ကနေ သတိပေးခဲ့ကြောင်း အေပီသတင်းတွင် ဖော်ပြထားသည်။

အဆင့်နိမ့် ယူရေနီယမ် (depleted uranium-DU) များ ပါဝင်သည့် သံချပ်ကာဖောက် ကျည်ဆန်များကို ယူကရိန်း သို့ ထောက်ပံ့သွားမည်ဖြစ်ကြောင်း ဗြိတိန်ကာကွယ်ရေးဌာနက တနင်္လာနေ့တွင် အတည်ပြု ပြောဆိုခဲ့သည်။

ထိုကျည်များကို စစ်အေးတိုက်ပွဲအတွင်း ရုရှားတင့်ကားများကို ဖျက်ဆီးရန် အမေရိကန်တို့က အသုံးပြုခဲ့သည်။

ယင်းတို့တွင် လက်ရှိ ယူကရိန်းစစ်ပွဲတွင် ရုရှားတို့ အသုံးပြုနေသော T-72 တင့်ကားများလည်း ပါဝင်သည်။

DU များသည် နျူကလီးယား လက်နက် ဖန်တီးရန် လိုအပ်သော ယူရေနီယမ် သန့်စင်မှု လုပ်ငန်းစဉ်မှ ထွက်ပေါ်လာသည့် ဆင့်ပွားအရာတစ်ခု ဖြစ်သည်။

သံချပ်ကာဖျက် ကျည်ဆန်ကိုတွေ့ရစဉ်

ထိုကျည်များတွင် ရေဒီယို သတ္တိကြွ စွမ်းရည် ရှိသော်လည်း ယင်းတို့သည် နျူကလီးယားဗုံးများကဲ့သို့ နျူကလီးယား စွမ်းရည်မရှိကြောင်း နျူကလီးယားအရေး ကျွမ်းကျင်သူတစ်ဦးက ပြောသည်။

မည်သို့ပင်ဆိုစေကာမှု ထိုအချက်သည်ပင် ယင်းသို့သော လက်နက်များကြောင့် ပဋိပက္ခပိုမို ဆိုးရွားလာစေမည် ဆိုသည့် ရုရှားတို့၏ ခြိမ်းခြောက် သတိပေးမှုကို ရပ်တန့်နိုင်ခြင်း မရှိပေ။

ယူကရိန်းစစ်ပွဲသည် နျူကလီးယားစစ်ပွဲ အဆင့်သို့ ရောက်ရှိလာနိုင်သည်ဟုလည်း ရုရှားဘက်က သတိပေးခဲ့ဖူးသည်။ ဗြိတိန်မှ ပေးပို့မည့် ခဲယမ်းမျးသည် နျူကလီးယား လက်နက် မဟုတ်သည့်တိုင် အန္တရာယ်ပေးနိုင်ခြေ ရှိသည်။

ထို့နောက် အမေရိကန်နှင့် ဗြိတန်တို့ဘက်မှ ရုရှား၏ စွပ်စွဲချက်များကို ငြင်းဆိုထားသည်။

DU များသည် နျူကလီးယား လောင်စာနှင့် လက်နက်များကို ထုတ်လုပ်ရန် အသုံးပြုသည့် ယူရေနီယမ်ကို ဖန်တီး ရာမှ ထွက်ပေါ်လာသည့် ဆင့်ပွားအရာများ ဖြစ်သည်။

ယင်းတို့သည် သန့်စင်ယူရေနီယမ်ထက် အားပျော့၍ နျူကလီးယား တုန့်ပြန်မှု ပေါ်ပေါက်နိုင်ခြေ မရှိသော်လည်း DU များသည် ခဲထက် ပိုလေးသည်။ ယင်းက ကျည်ဖူးပြုလုပ်ရန် စွဲဆောင်နိုင်သော အရာလည်း ဖြစ်သည်။

ရုရှား သမ္မတ ပူတင်ကိုတွေ့ရစဉ်

အရမ်းလေးသည့်အတွက် အားကောင်းသည့် အရှိန်အဟုန်ကို ဖြစ်စေပြီး သံချပ်ကာကို ဖောက်နိုင်ကြောင်း၊ ယင်းမှ ထွက်သည့်အပူက မီးလောင်မှုကို ဖြစ်စေကြောင်း နျူကလီးယားပညာရှင်က ပြောသည်။

အမေရိကန်သည် ၁၉၇၀ နှစ်များတွင် DU များကိုသုံးကာ သံချပ်ကာဖျက် ကျည်များကို စတင်အသုံးပြုခဲ့ပြီး စွမ်းရည်ကို မြှင့်တင်ရန် တင့်ကားများတွင်လည်း ထည့်သွင်းခဲ့သည်။

တင့်ဖျက် လက်နက်ဟု ထင်ရှားသည့် A-10 လေယာဉ်များတွင်လည်း DU ကျည်များကို အသုံးပြုသည်။ အမေရိကန် စစ်တပ်သည် M1A2 Abram တင့်ကားအတွက် M829A4 တင့်ဖျက် ကျည်များအပြင် DU ခဲယမ်းများကို အသုံးပြုနေဆဲ ဖြစ်သည်။

အနောက်အုပ်စုမှ နျူကလီးယား ပါဝင်မှုရှိသော လက်နက်များကို အသုံးပြုလာမည်ဆိုလျှင် ရုရှားအနေဖြင့်လည်း ထိုလက်နက်နှင့် တူညီသည့် စွမ်းရည်ရှိသော လက်နက်များကို အသုံးပြုသွားမည်ဟု ရုရှားသမ္မတက အင်္ဂါနေ့တွင် သတိပေးခဲ့သည်။

Source: AP