CNI News

၂၀၂၃ ခုနှစ်၊ မတ်လ ၂၄

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)ကို ပြန်လည်ဖွဲ့စည်းပြီး ဥက္ကဋ္ဌအဖြစ် ဒေါ်စောမြရာဇာလင်း ဦးဆောင်သည့် အုပ်စုက ကြေညာခြင်းမှာ တရားဝင်မှုမရှိကြောင်း ALP ပါတီ၏ ခိုင်ရဲခိုင်အုပ်စုမှ အထွေထွေအတွင်းရေးမှူး ခိုင်ကျော်ခိုင်က CNI သတင်းဌာနသို့ ပြောသည်။

ဗဟိုကော်မတီ ၉၀ ရာခိုင်နှုန်းကျော်ကို အသိမပေးပဲ ALP ပါတီကို ပြန်လည်ဖွဲ့စည်းလိုက်ခြင်း ဖြစ်ကြောင်း၊ ဒေါ်စောမြရာဇာလင်းအား ဥက္ကဋ္ဌအဖြစ် ခေါ်ဝေါ်သုံးစွဲခြင်း မပြုဖို့ မီဒီယာများကို မေတ္တာရပ်ခံလိုကြောင်း ၎င်းက ပြောသည်။

ခိုင်ကျော်ခိုင်က “သူက သူ့ဟာသူ ပါတီအသစ် ထောင်တယ်ဆိုပေမယ့် ပါတီအသစ် ထောင်တယ်၊ သူဥက္ကဋ္ဌအဖြစ် ကြေညာတယ်၊ ဒါတွေ တရားဝင်မှုမရှိဘူး။ ကျနော်တို့ကလည်း မီဒီယာတွေကို စာတွေ ပို့သွားဖို့ ရှိပါတယ်၊ ပြောချင်တာက သူက အဲဒီလိုလုပ်တာ တရားမဝင်ဘူး။ သူ့ကို ဥက္ကဋ္ဌအဖြစ် ခေါ်ဝေါ်သုံးစွဲ နေတဲ့ဟာတွေကိုလည်း ဒါတွေကို မသုံးစွဲကြဖို့ပေါ့၊ ကျနော်တို့က မီဒီယာတွေကို မေတ္တာရပ်ခံချင်တယ်၊ ဘာဖြစ်လို့လဲဆိုတော့ သူက တရား ဝင်မှု လုံးဝကို မရှိဘူး။ ဗဟိုကော်မတီ ၉၀ ကျော် ရာခိုင်နှုန်းလောက်က ဘာမှကို အသိမပေးပဲနဲ့ လုပ်သွားတဲ့ဟာ ဖြစ်တယ်၊ ကျနော်တို့က အဲဒါတွေကို ပြောချင်ပါတယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။

ALP ဥက္ကဋ္ဌအဖြစ် တာဝန်ယူခြင်းမှာ တရားမဝင်ဟု ပြောဆိုချက်နှင့် ပတ်သက်၍ ဒေါ်စောမြရာဇာလင်းက မိမိတို့ သည် တရားဝင်ဖြစ်ကြောင်း၊ ဗဟိုကော်မတီဝင်အများစု မိမိတို့နဲ့အတူရှိနေကြောင်း ပြောသည်။

ခိုင်ရဲခိုင်နဲ့ အဖွဲ့ကိုတွေ့ရစဉ်

ဒေါ်စောမြရာဇာလင်းက “ကျမတို့က တရားဝင်ပါတယ်၊ ကျမတို့က ဗဟိုကော်မတီအများစု ကျမတို့နဲ့ရှိတယ်၊ ကျမ တို့မှာ သက်သေပြစရာလည်း ရှိတယ်၊ တပ်မှူးတွေ အများစုနဲ့လည်း ကျမတို့က ထိုင်ပြီးမှ အစည်းအဝေး လေးကြိမ် လုပ်ပြီးတော့မှ ဒီလိုလုပ်တာဖြစ်တယ်၊ အဲဒါကြောင့်မို့လို့ ကျမတို့က တရားမဝင်ဘူးလို့ သူတို့ ပြောလို့ မရဘူး။ ကျမတို့ တရားဝင်တယ်၊ ဒါအပြင် ကျမ ပြောချင်တာက သူတို့တွေက ကျမကို ထုတ်ပယ်လို့ မရဘူး။ ကျမ တို့က သူ့တို့ကို ထားပစ်ခဲ့တာဖြစ်တယ်၊ ကျမတို့စာမှာ အတိအလင်း ပြောပြီးသား၊ ကျမတို့သည် ပါတီနဲ့ တပ်မတော်ကနေပြီးမှ ၆ လကျော်ကြာ ကင်းကွာပြီးတော့မှ ထွက်ပြေးနေကြတဲ့ အုပ်စုတွေရဲ့ ဆုံးဖြတ်ချက်ကို ကျမတို့ လက်ခံလို့ မရဘူး”ဟု CNI သတင်းဌာနသို့ ပြောသည်။

၂၀၂၃ ခုနှစ်၊ မတ်လ ၁၉ ရက်က ALP ကို ပြန်လည် ဖွဲ့စည်းကြောင်း ထုတ်ပြန်ခဲ့ပြီး ယခင်က ဒုဥက္ကဋ္ဌ တာဝန်ယူ ထားသူ ဒေါ်စောမြရာဇာလင်းသည် ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ အဖြစ် ခိုင်နီအောင် တာဝန်ယူခဲ့ကြောင်း ထုတ်ပြန်ချက်ခဲ့ သည်။

ALP သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးပြီး နောက်ပိုင်း ပါတီ၏ မူဝါဒအတိုင်း သွားနေကြောင်း ခိုင်ကျော်ခိုင်က ပြောသည်။

ခိုင်စိုးနိုင်အောင်ကိုတွေ့ရစဉ်

၎င်းက “ပါတီမှာ ဒီလိုတော့ရှိပါတယ်၊ ဥက္ကဋ္ဌကြီး ခိုင်ရဲခိုင်တို့ကတော့ ပါတီထောင်ကတည်းက ပါတီ အစကတည်း က ပါလာတဲ့ ပုဂ္ဂိုလ်တွေဖြစ်တယ်၊ ALP က တော်လှန်ရေးပါတီ ဖြစ်တယ်၊ လက်နက်ကိုင် တော်လှန်ရေးပါတီ တစ်ရပ်ဖြစ်တယ်၊ ဒါပေမဲ့ ကျနော်တို့ ၂၀၁၅ မှာ NCA စာချုပ်ချုပ်ခဲ့တယ်ပေါ့နော်၊ ဒါပေမဲ့ အဲဒီစာချုပ်ချုပ်ခဲ့တဲ့ အပေါ်မှာ NCA အတိုင်းပဲ သွားနေခဲ့တယ်ပေါ့၊ ဒါပေမဲ့ လက်ရှိ အခြေအနေမှာ အဲဒီလမ်းကြောင်း ဘယ်လိုပြောမလဲ NCA ကလည်း သူ့ဟာနဲ့သူ ရှိနေတယ်၊ ရှိနေတယ်ဆိုပေမဲ့ အလုပ်မဖြစ်ပေမဲ့လည်း ပါတီက အဲဒီလို အခြေအနေမှာ ရှိနေတယ်ပေါ့၊ ဆရာမက NCA ကိုသွားမယ်၊ ဒီဖက်ကတော့ NCA ကို မသွားဘူး၊ အဲဒီလို ပုံစံမျိုး ပြောလို့တော့ မရဘူးထင်တယ်၊ ပါတီက ပါတီရှိနေတယ်ပေါ့၊ ပါတီရဲ့ လမ်းကြောင်းက သွားနေတဲ့ ပုံစံမျိုးက အရင်အတိုင်းပဲ ရှိနေတယ်ပေါ့” ဟု ပြောသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ အတွင်းက ခိုင်ရဲခိုင်(ဥက္ကဋ္ဌ)နှင့် ဒေါ်စောမြရာဇာလင်း ဦးဆောင်သော အစုအဖွဲ့ က ခိုင်စိုးနိုင်အောင်(ဒုဥက္ကဋ္ဌ) ဦးဆောင်သည့်အဖွဲ့ကို ပါတီသစ် တည်ထောင်ရန် ကြိုးစားသည်ဟုဆိုကာ ALP မှ ထုတ်ပယ်လိုက်ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့သည်။