CNI News
၂၀၂၃ ခုနှစ်၊ မတ်လ ၁၉

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)၏ တရားရေးဌာနအမည်ကို သုံးစွဲ၍ ပါတီတည်နေရာ၊ တပ်တည်နေရာမှ ထွက်ပြေးနေသည့် အသျှင်ပညာသာမိက ALP ဒုဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းကို နိုင်ငံဆွေးနွေးရေးကော်မတီ ခေါင်းဆောင် တာဝန်နှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့(PPST)ရှိ တာဝန်များကနေ ရပ်စဲကြောင်း စာပို့ လာခြင်းသည် လုံးဝတရားမဝင်သည့်အတွက် လက်မခံကြောင်း ALP ဗဟိုကော်မတီက ထုတ်ပြန်ခဲ့သည်။

PPST သည် တိုင်းရင်းသား တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ စုဖွဲ့ထားသည့် အဖွဲ့ဖြစ်သည်။

လက်ရှိတွင် ALP သည် ဥက္ကဋ္ဌ ခိုင်ရဲခိုင် ဦးဆောင်သည့်အဖွဲ့နှင့် ဒုဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်း ဦးဆောင်သည့် အဖွဲ့ဆိုကာ ၂ ဖွဲ့ကွဲနေပြီး လုပ်ပိုင်ခွင့် အာဏာ ကျင့်သုံးရေးမှာလည်း အငြင်းပွားမှုများဖြစ်ပေါ်နေသည်ဟု ရခိုင် လက်နက်ကိုင်အဖွဲ့များနှင့်နီးစပ်သူများက ပြောသည်။

ဒေါ်စောမြရာဇာလင်းကို တာဝန်မှ ရပ်စဲခြင်းကို လက်မခံဟု ထုတ်ပြန်ခဲ့သော ALP ဗဟိုကော်မတီဆိုသည်မှာ ဒေါ်စောမြရာဇာလင်းအား ထောက်ခံသော အုပ်စုများက ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်ဟုလည်း ၎င်းတို့က ဆိုသည်။

ALP ဗဟိုကော်မတီက “ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁၆ ရက်နေ့ ခိုင်မင်းစိုးအား ဖမ်းဆီးအရေးယူထားခြင်းနှင့် ပတ်သက်၍ ပါတီတရားစီရင်ရေးဟု အမည်သာသာမျှပင် မရှိတော့သည့် တရားရေးဌာနအမည်ကို သုံးစွဲကာ ပါတီတည် နေရာ၊ တပ်တည်နေရာမှ ထွက်ပြေးနေသည့် အသျှင်ပညာသာမိက ဆရာမကြီး စောမြရာဇာလင်း အား နိုင်ငံရေးဆွေးနွေးရေး ကော်မတီခေါင်းဆောင် တာဝန်နှင့် PPST ရှိ တာဝန်များမှ ရပ်စဲကြောင်း စာပို့ခြင်း သည် လုံးဝတရားမဝင်ပေ”ဟု ထုတ်ပြန်ခဲ့သည်။

ထို့နောက် ၂၀၂၂ ခုနှစ်၊ သြဂုတ် ၂ ရက်တွင် ပါတီခေါင်းဆောင် တစ်ဦးဖြစ်သူ ခိုင်ပေါ်လင်း ဖမ်းဆီးခံသွားရပြီး နောက် ပါတီခေါင်းဆောင်အချို့သည် ပါတီနှင့် တပ်အခြေစိုက်ရာ ဒေသမှ အသီးသီး စွန့်ခွာသွားခဲ့ကြကြောင်း၊ ထိုသို့ ပါတီနှင့်တပ်၏အကျိုးကို ငဲ့ညှာထောက်ထားခြင်းမရှိဘဲ ထွက်ပြေးတိမ်းရှောင်နေကြသော သူများ၏ အရေးယူခြင်းကို မိမိတို့ လုံးဝ လက်ခံမည်မဟုတ်ဟုလည်း ထိုထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ALP ဗဟိုကော်မတီက “ ခိုင်မင်းစိုးအား ဖမ်းဆီးထားခြင်းအပေါ် မိမိတို့မှ စစ်ခုံရုံးဖွဲ့ကာ စစ်ဆေးလျက်ရှိနေ သည်။ ခိုင်မင်းစိုးအား ဖမ်းဆီးပြီးသည့်နေ့ကတည်းက ဤကိစ္စကို စကားဖြင့် ဖြေရှင်းရန် မိမိတို့ဘက်မှ ၂ ကြိမ် တောင်းဆိုခဲ့သည်။ သို့သော် စဉ်းစားခြင်းမရှိကြပဲ ပါတီနှင့် တပ်မတော်အတွက် အဓိကတာဝန်ယူ လုပ်ဆောင် နေသော ဆရာမကြီး စောမြရာဇာလင်းအား တာဝန်မှ ရပ်စဲရေးကိုသာ တစိုက်မတ်မတ် လုပ်ဆောင်ခဲ့ကြသည်” ဟု ပြောသည်။

ဤလုပ်ရပ်များသည် ပါတီနှင့်တပ်မတော် ပြိုကွဲပျက်စီးစေရေးကို ဦးတည်လုပ်ဆောင်သည့်အတွက် အသျှင် ပညာသာမိမှ စာပို့ခြင်းသည် တရားမဝင်ကြောင်း ထုတ်ပြန်သည်၊ ထိုသို့ အရေးယူဆောင်ရွက်မှုအပေါ် မိမိတို့မှ လက်မခံသည့်အပြင် မိမိတို့ လျှောက်လှမ်းနေသော ငြိမ်းချမ်းရေးလမ်းကြောင်းပေါ်၌ ဖြောင့်မတ်စွာသွားနိုင်ရေး အတွက် မတ်လ ၅ ရက်ကတည်းက လုပ်သင့်လုပ်ထိုက်သည်များကို လုပ်ဆောင်ထားပြီး ဖြစ်သည်ဟု ၎င်းထုတ် ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့နောက် ငြိမ်းချမ်းရေးကို မြတ်နိုးတန်ဖိုးထားသော မိမိတို့ ခေါင်းဆောင်များသည် နစကနှင့်လည်းကောင်း၊ PPST နှင့်လည်းကောင်း၊ ပြည်တွင်းနိုင်ငံရေး အဖွဲ့အစည်းများ၊ လူထုအခြေပြု အဖွဲ့အစည်းများနှင့်လည်း ကောင်း ပုံမှန် ဆက်သွယ် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ALP ဗဟိုကော်မတီက ထုတ်ပြန်ခဲ့သည်။

ALP သည် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်နေ့က တိုင်းရင်းသား လက်နက်ကိုင် ၇ ဖွဲ့နှင့်အတူ NCA ထိုးထားသည့် ရခိုင်လက်နက်ကိုင် အဖွဲ့ဖြစ်သည်။