CNI International News

တူးနစ်၊ မတ်လ ၁၈

မိသားစုအကြောင်းပြချက်များဖြင့် ရာထူးမှ နှုတ်ထွက်ကြောင်း တူနီးရှားပြည်ထဲရေးဝန်ကြီး တူဖစ် ချာဖီဒင် (Taoufik Charfeddine) က သောကြာနေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်ဟု Aljazeera သတင်းတွင် ဖော်ပြထား သည်။

ချာဖီဒင်သည် သမ္မတ ကိုင်ဆာအစ် (Kais Saied) ၏ နီးကပ်မဟာမိတ် တစ်ဦးဖြစ်ကာ ပြီးခဲသည့်နှစ် ဇနီးဖြစ်သူ သေဆုံးသွားခဲ့ပြီးနောက် ကလေးများအတွက် အချိန်ပိုပေးလိုသောကြောင့် ဖြစ်သည်ဟု သောကြာနေ့တွင် သတင်း ထောက်များကို ပြောခဲ့သည်။

အသက် ၅၄ နှစ်အရွယ် ချာဖီဒင်သည် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလတွင် ပြည်ထဲရေးဝန်ကြီးရာထူးကို ရရှိခဲ့ကာ သူ၏ တောင်းဆိုမှုအပေါ် နားလည်ပေးမှုနှင့် တာဝန်များမှ နှုတ်ထွက်ရန် ခွင့်ပြုပေးခြင်းတို့အတွက် သမ္မတ ဆာအစ်ကို ကျေးဇူးတင်သည်ဟု သတင်းထောက်များကို ပြောခဲ့သည်။

ချာဖီဒင်၏ ဇနီးဖြစ်သူ ဆယ်လ်ဝါ (Salwa)သည် ပြီးခဲ့သည့် ဇွန်လ နေအိမ်တွင် ဂတ်စ်အိုးယိုစိမ့်မှုကြောင့် ဖြစ်သော မီးလောင်မှုတစ်ခုအတွင်း သေဆုံးသွားခဲ့ခြင်း ဖြစ်သည်။

ချာဖီဒင်သည် တစ်ချိန်တုန်းက တူနီးရှားသမ္မတနှင့် အရင်းနှီးဆုံး အရာရှိတစ်ဦးအဖြစ် ရှုမြင်ခြင်း ခံခဲ့ရသော်လည်း မကြာသေးခင် ကာလများတွင် ၎င်းသည် လူမြင်ကွင်းသို့ ထွက်ပေါ်လာမှု နည်းပါးခဲ့သည်။

တူနီးရှားသမ္မတ ကိုင်ဆာအစ်ကို တွေ့ရစဉ်

၎င်း၏ နေရာကို အစားထိုးရန်လည်း သမ္မတဘက်မှ ထုတ်ပြန်ကြေညာခြင်း မရှိသေးပေ။

ဆာအစ်သည် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ဝန်ကြီးချုပ် ဟီချန် မီချီချီ (Hichem Mechichi) အစိုးရအား ဖယ်ရှားခြင်း၊ လွှတ်တော်အား ဖျက်သိမ်းခြင်းတို့ လုပ်ဆောင်ခဲ့ပြီး ပြီးခဲ့သည့်နှစ်တွင် အတည်ပြုနိုင်ခဲ့သည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေသစ် မရရှိခင် အမိန့်ဒီကရီတစ်ခုဖြစ် အုပ်ချုပ်ခဲ့သူ ဖြစ်သည်။

၎င်းသည် ထိုအချိန်မှ စတင်ကာ လုံခြုံရေးတပ်ဖွဲ့များအတွင်း ထိန်းချုုပ်မှုလည်း မြင့်တက်လာခဲ့သည်။

ချာဖီဒင်သည် မီချီချီ လက်ထက်ကတည်းက ဝန်ကြီးအဖြစ် ဆောင်ရွက်ခဲ့သူ ဖြစ်သည်။ သို့သော် သမ္မတ နှင့် ဝန်ကြီးချုပ်တို့အကြား ဆက်ဆံရေး ပြိုကွဲသွားခဲ့ပြီးနောက် ၂၀၂၁ ခုနှစ်တွင် မီချီချီက ၎င်းအား ရာထူးမှထုတ် ပယ်ခဲ့သည်။

မီချီချီ၏ အစိုးရအဖွဲ့အား ဖျက်သိမ်းခဲ့ပြီးနောက် ဆာအစ်က ၎င်းကို ပြန်လည် ခန့်အပ်ခဲ့ခြင်း ဖြစ်သည်။

Source: Aljazeera