CNI News

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၂၄

မြန်မာလူမျိုး အများဆုံး နေထိုင်၊ အလုပ်လုပ်ကိုင်လျက်ရှိသည့် ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် ယခု ရက်ပိုင်းအတွင်း အဖမ်းအဆီးနှင့် စိစစ်မှုများ ပိုမိုတင်းကြပ် များပြားလာကြောင်း မြန်မာအလုပ်သမားအရေး ဆောင်ရွက်နေသူများက CNI သတင်းဌာနသို့ ပြောသည်။

ထိုသို့ ဖမ်းဆီး စိစစ်ရာတွင် မဲဆောက်မြို့၌ တရားမဝင် နေထိုင်နေသူများ၊ အလုပ်လုပ်ကိုင် နေသူများအား အဓိက ထား၍ ၎င်းတို့ရှိနိုင်သည့် စက်ရုံ၊ အလုပ်ရုံများနှင့် နေရာများတွင် လိုက်လံ ရှာဖွေစစ်ဆေးနေခြင်း ဖြစ်ကြောင်း မြန်မာအလုပ်သမားအရေး ဆောင်ရွက်နေသူများက CNI သတင်းဌာနသို့ ပြောသည်။

မြန်မာရွှေ့ပြောင်း အလုပ်သမားအရေး ဆောင်ရွက်နေသူ ကိုသားကြီးက “တာ့ခ်ခရိုင်ထဲမှာ တော်တော်ဖမ်းတယ်။ ၁၈ ရက်နေ့ကတော့ နည်းနည်း ဖမ်းတယ်ပေါ့။ မဲဆောက်မြို့ထဲမှာရှိတဲ့ စက်ရုံ၊ အလုပ်ရုံတွေ၊ လူနေအိမ် တန်းလျား တွေပေါ့။ မြန်မာအများစု ငှားနေတဲ့ တန်းလျားတွေ၊ အဆောင်တွေကို ဝင်ပြီးတော့ စစ်ဆေးတာ တွေ့ရတယ်။ အောက်တိုဘာ ၁၉ ရက်နေ့မှာ ၁ ရက်တည်းကိုပဲ မဲဆောက် မြို့တွင်းထဲကို လူပေါင်း ၆၄၀ ကျော် ဖမ်းလိုက်တယ်။ အဖွဲ့စုံပေါ့။ ထိုင်းအာဏာပိုင်တွေ ဖမ်းတယ်။ ဆိုတော့ အဲဒီကနေမှ တစ်ခါ ၁၉၊ ၂၀၊ ၂၁ ရက်၊ ၂၂ ရက်နေ့အထိ ဖမ်း တယ်။ အဖမ်းအဆီးတွေ ပိုမိုပြီးတော့မှ တင်းကြပ်တယ်။ နောက်တစ်ခုက ထိုင်းနယ်စပ်ထဲမှာပေါ့။ ကျနော်တို့ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ မြဝတီ တစ်ဖက်ကမ်း ထိုင်းနယ်စပ် တစ်လျှောက်လုံးမှာလည်း လုံခြုံရေးတွေ ပိုမိုတင်းကြပ် တာတွေကို တွေ့ရတယ်။ အရင်တုန်းက ကျတော့ သူတို့စစ်ဆေးတာတွေက လက်မှတ်တွေ ပြည့်စုံလား၊ လက်မှတ် မရှိတာတွေကို ဖမ်းဆီးတာတွေ တွေ့ရတယ်ပေါ့။ စက်ရုံ၊ အလုပ်ရုံတွေမှာ work permit ဆိုတဲ့ ယာယီအလုပ် သမား လက်မှတ် ရှိလား၊ မရှိလားပေါ့နော်။ လမ်းသွားနေတဲ့ လူတွေကျတော့ ပလိပ်လောက်၊ ရဲလောက် စစ်ဆေး တာတွေ ရှိတယ်ပေါ့။ အခုနောက်ပိုင်းက စစ်ဆေးမှုတွေက ဘယ်လိုဖြစ်သွားလဲဆိုတော့ နယ်စပ်မြို့မှာ ပစ်ခတ်မှု တွေ တိုက်ပွဲတွေဖြစ်နေတော့ ထိုင်းအစိုးရက နယ်စပ်လုံခြုံရေးကို ပိုမိုတင်းကြပ်လိုက်တယ်လို့ ကျနော်ထင်တယ်” ဟု ပြောသည်။

ထိုင်းအာဏာပိုင်များက မြန်မာရွှေ့ပြောင်းများကို ဖမ်းဆီး စစ်ဆေးနေစဉ်

မဲဆောက်မြို့တွင် အောက်တိုဘာ ၁၉ ရက်မှ ၂၂ ရက်နေ့အထိ ဖမ်းဆီးခံရသည့် လူဦးရေမှာ ၁၀၀၀ ကျော်ရှိ ကြောင်း၊ ထိုအထဲတွင် မြန်မာလူမျိုး အများဆုံး ဖြစ်ကြောင်း၊ ထိုအဖမ်းခံရသူများအား အရေးယူ ဆောင်ရွက်မှုများ မပြုလုပ်တော့ဘဲ ထိုင်း-မြန်မာ နှစ်နိုင်ငံ အမှတ်(၂) ချစ်ကြည်ရေးတံတားသို့ ပြန်ပို့ရန် ထိုင်း လ.ဝ.ကမှ စီစဉ်နေပြီ ဖြစ်ကြောင်း မြန်မာရွှေ့ပြောင်း အလုပ်သမားအရေး ဆောင်ရွက်နေသူ ကိုသားကြီးက CNI သတင်းဌာနသို့ ပြော သည်။

ထိုင်းအာဏာပိုင်များအနေဖြင့် ထိုင်းနိုင်ငံအတွင်း တရားမဝင် နေထိုင်၊ အလုပ်လုပ်ကိုင်သူများထဲတွင် အထူးသဖြင့် မြန်မာရွှေ့ပြောင်းများအား ပိုမိုဖမ်းဆီးလာခြင်းသည် အခြားအကြောင်းအရင်း ရှိနိုင်ကြောင်း FED မှ အလုပ်သမား အရေးတာဝန်ခံ ဦးမင်းဦးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “လွန်ခဲ့တဲ့ ၄ ရက်၊ ၅ ရက်ပဲ ရှိသေးမယ်ထင်တယ်။ နိုင်ငံတကာကနေ အထူးသဖြင့် အမေရိကန် လွှတ်တော် အမတ်ကနေ မြန်မာနိုင်ငံနဲ့ ဆက်စပ်နေတဲ့ အထူးသဖြင့် ထိုင်းနိုင်ငံလို နိုင်ငံမျိုးကို မေတ္တာရပ်ခံတယ်။ အကြောင်း အမျိုးမျိုးကြောင့် ပြေးလာတဲ့ သူတွေပဲဖြစ်ဖြစ်၊ ရွှေ့ပြောင်း အလုပ်သမားပဲဖြစ်ဖြစ် ဖြစ်နိုင်မယ် ဆိုရင်တော့ အတင်း နေရပ်ကို ပြန်ပို့ဖို့ပေါ့။ အန္တရာယ်ရှိတယ်ဆိုတဲ့ အကြောင်းကို ပြောပြီးတဲ့ ကြားထဲမှာမှ ပြောပြီး ကျနော် ထင်တယ် ၁ ရက်၊ ၂ ရက်မှာ ဒီ operation အဖမ်းအဆီးတွေက စပြီးဖြစ်လာတယ်ဆိုတော့ ဘာများ အကြောင်း ရှိလဲတော့ မပြောတတ်ဘူး။ လူသစ်စာရင်းတို့၊ ဘာတို့ ဥပဒေတစ်ခုခု ထုတ်ပြန်ပြီးတဲ့အခါမှာ အရေးယူတာတို့ စုံစမ်းစစ်ဆေးတဲ့ဟာတွေ နောက်ပြီး ဖမ်းဆီးတဲ့ဟာတွေကတော့ ဖြစ်တတ်တယ်။ ဒါပေမယ့် ဒီကာလမှာတော့ နည်းနည်းလေး ထူးခြားတာက ခုနကလို လွှတ်တော်အမတ်တွေ ဘာတွေအနေနဲ့က တောင်းဆိုပြီးတော့ လုပ်တဲ့ အချိန်မှာမှ ဘာလို့ အဲဒီလို ထပ်ပြီးတော့ ဖြစ်သလဲဆိုတာ ပြောရခန့်မှန်းရတာ အခက်အခဲ ဖြစ်နေတာပေါ့” ဟု ပြောသည်။

ထိုင်းအာဏာပိုင်များ ဖြတ်သန်းသွားလာသူများကို စိစစ်နေစဉ်

ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်း လုပ်သားများ သန်းနှင့်ချီရှိပြီး ထိုထဲတွင် တရားမဝင် နေထိုင်၊ အလုပ်လုပ်ကိုင်သူ မှာလည်း အများအပြား ရှိသည်။

လက်ရှိတွင် မဲဆောက်မြို့ အပါအဝင် ထိုင်းနိုင်ငံရှိ နေရာအနှံအပြား၌ တရားမဝင် နေထိုင်၊ အလုပ်လုပ်ကိုင် နေသူများအား ရှာဖွေဖမ်းဆီးခြင်းနှင့် စိစစ်ခြင်းများမှာ ပိုမိုတင်းကြပ် များပြားလာခြင်းဖြစ်သည့် မြန်မာရွှေ့ပြောင်း များအတွက် အခက်အခဲ ပိုဖြစ်စေကြောင်း မြန်မာအလုပ်သမားအရေး ဆောင်ရွက်နေသူများထံက သိရသည်။

မြန်မာရွှေ့ပြောင်း အလုပ်သမားအရေးဆောင်ရွက်နေသူ ကိုသားကြီးက “အထောက်အထား အပြည့်အစုံရှိတဲ့ လူ လောက်ပဲ လွတ်ပြီးတော့မှ မပြည့်စုံတဲ့ သူတွေပါ ဒီအထောက်အထားမဲ့ အုပ်စုတွေထဲမှာ အဖမ်းခံရတာတွေ ရှိ တယ်။ တတိယနိုင်ငံ သွားမယ့် သူတွေကတော့ အထူးသဖြင့် UNHCR ကနေ အသိအမှတ် ပြုပြီးတော့မှ စာစောင် တွေပေါ့။ သွားလာခွင့် လက်မှတ်တွေ ထုတ်ထားပေးတာ ရှိတယ်။ ဒါပေမယ့် ဒီဟာတွေကလည်း အချိန်မီပေါ့ အဖမ်းခံရတဲ့ အခါကျရင် ထိုင်း လ.ဝ.ကထဲ ရောက်သွားပြီဆိုရင် သူတို့ဟာ အချိန်မီ UNHCR ကနေ လာရောက် ကူညီတာမျိုးတွေ၊ ပြန်လည် ထုတ်သွားတာမျိုးတွေ ရှိတဲ့သူဆိုရင်တော့ သက်သာတာပေါ့။ တချို့ကျတော့လည်း UNHCR နဲ့ပတ်သက်ပြီးတော့မှ ဆက်သွယ်တယ်။ လက်မှတ်တွေ ရှိတယ်ပြောရင် ဒါကို တတိယနိုင်ငံ သွားမယ်ဆို တဲ့ နိုင်ငံရေး ခိုလှုံခွင့် တောင်းထားတဲ့ သူတွေအနေနဲ့ သူတို့ကို ဘန်ကောက် နိုင်ငံခြားသား အချုပ်ခန်းထဲကို ပို့ လိုက်တာတွေ ရှိတယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။

လက်ရှိတွင် ထိုင်းနိုင်ငံ အနှံ့အပြားတွင် အဖမ်းအဆီး များပြားနေသည့်အတွက် မြန်မာများ အနေဖြင့် အသွားအလာ အား အထူးသတိထားကြရန် လိုအပ်ကြောင်း၊ ထိုင်းသို့ ခိုးဝင်မည် ဆိုပါကလည်း လက်ရှိတွင် လုံခြုံရေး ပိုမို တင်းကြပ်ထားသဖြင့် အဖမ်းခံရနိုင်ချေ များပြားကြောင်း မြန်မာအလုပ်သမားအရေး ဆောင်ရွက်နေသူများက သတိပေး ပြောဆိုထားသည်။