CNI News

၂၀၂၄ ခုနှစ်၊ ဇူလိုင် ၄

ထိုင်းအာဏာပိုင်များမှ တရားမဝင် ရွှေ့ပြောင်းလုပ်သားများကို ဖမ်းဆီးရေး ၄ လတာ စီမံချက်အရ နေရာအနှံ့ လိုက်လံရှာဖွေ ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်နေပြီး နယ်စပ်ဒေသများတွင် ပိုမိုတင်းကြပ်စစ်ဆေးလာနိုင်ကြောင်း အလုပ်သမားအခွင့်အရေးဖောင်‌ဒေးရှင်း LRF မှ ဦးအောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။

“နိုင်ငံတိုင်းနိုင်ငံတိုင်းက မိမိနိုင်ငံရဲ့ လုံခြုံရေးကိုပဲ ဦးစားပေးကြမှာပဲ။ နယ်စပ်စခန်းတွေ အများ၊ လူမှောင်ခို ပွဲစား တွေရဲ့ လမ်းတွေကိုတော့ သူတို့ ဒီထက်ပိုမိုပြီး ကြပ်မတ်စစ်ဆေးအရေးယူမယ်လို့ သုံးသပ်ပါတယ်။ မူလက သာမန် ချထားတဲ့ လုံခြုံရေးထက်စာရင် ဒီထက်ပိုမိုပြီးတော့မှ တင်းကြပ်တဲ့ လုံခြုံရေးတွေ တိုးမြှင့်ချထားလိမ့်မယ်လို့ သုံးသပ်ပါတယ်။ ကျနော်တို့နိုင်ငံသားတွေအနေနဲ့လည်း အခက်အခဲ အကြောင်းကြောင်းကြောင့် သူများတိုင်း တစ်ပါးကို လွတ်အောင်ရှောင်တိမ်းပြီးမှ ရောက်အောင် ကြိုစားတယ်ဆိုရင်လည်း လက်ရှိ အခြေအနေအရ ဖြစ်ပေါ် နေတဲ့ အနေအထားတွေအားလုံးကို စနစ်တကျ လေ့လာ စောင့်ဆိုင်းပြီး မှန်ကန်တဲ့ သတင်းအချက်အလက်တွေ နားထောင်ဖို့ လိုအပ်တယ်လို့ သုံးသပ်ပါတယ်” ဟု ၎င်းက ပြောသည်။

ထိုင်းရှိ တရားမဝင် အထောက်အထား မပြည့်စုံသည့် ရွှေ့ပြောင်းလုပ်သားများအား တွေ့ရှိပါက ဖမ်းဆီးခြင်း၊  ဒဏ်ရိုက်ခြင်း၊ နေရပ်ပြန်ပို့ခြင်း အပြင် အချက်လေးချက်ဖြင့် နှိမ်နင်းမည့် ၄ လတာ (ရက်ပေါင်း ၁၂၀)  စီမံချက် အား ထိုင်းအာဏပိုင်များမှ တရားဝင်ထုတ်ပြန်ထားခြင်းဖြစ်သည်။

၎င်း စီမံချက်ကို ဇွန်လတွင် စတင်ခဲ့ပြီး  ၂၄ ရက်အတွင်း တရားမဝင် ရွှေ့ပြောင်းလုပ်သား ရှစ်သောင်းနီးပါး ဖမ်းဆီး ခံထားရပြီး ထိုထဲတွင် မြန်မာရွှေ့ပြောင်း ခြောက်သောင်းကျော် ဖမ်းဆီးခံထားရကြောင်း ထိုင်းအလုပ်သမား ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ထိုင်းနိုင်ငံရှိ ရေလုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ်

စီမံချက်ဖြင့် ဖမ်းဆီးမှုများပြုလုပ်နေသည့်ကာလတွင် လာမည့် ဇူလိုင် ၇ ရက်နေ့မှစတင်ကာ CI လာရောက် ပြုလုပ်သူနည်းပါးခြင်းကြောင့်ဟုဆိုပြီး CI စာအုပ် ထုတ်ပေးခြင်း လုပ်ငန်းစဉ်ကို ပိတ်သိမ်းမည်ဖြစ်ကြောင်း ထိုင်းအလုပ်သမားဝန်ကြီးဌာနဘက်မှ ထုတ်ပြန်ထားသည်။

မဲဆောက်တွင် နေထိုင်သူ ကိုမိုးလေးက “CI ကပထမ သူတို့ပြောတုန်းက မြန်မာသံရုံးကို ပြန်ရွှေ့မယ်ပေါ့လေ။ ပထမက သူတို့ပြောတာ ၁၀ လပိုင်း၊ ၁၀ လပိုင်းမဟုတ်ဘဲနဲ့ ပိတ်ပြီးတော့ မြန်မာသံရုံးကိုရွှေ့မှာပေါ့‌နော်။ CI မလုပ် သေးတဲ့သူတွေ သူတို့က မြန်မြန်လုပ်အောင်လို့ပေါ့ အနေအထားက။ ဒီပုံစံတွေကတော့ အမြဲလုပ်နေပါတယ် သူတို့ က။ သူ့ဟာနဲ့သူ နားလည်မှုနဲ့ နေနေကြတာပဲ အထောက်အထားမရှိတဲ့လူတွေက တချို့အာဏာပိုင်တွေနဲ့။ အထောက်အထားရှိတဲ့ သူတွေကတော့ သူ့ဟာသူ အေးဆေးပါပဲ” ဟု CNI သတင်းဌာနသို့ ပြောသည်။

ထိုသို့ ဖမ်းဆီးခံရသူများထဲတွင် အလုပ်လုပ်ခွင့် (work permit) ရှိသော်လည်း နေရာမတူဘဲ လုပ်ကိုင်နေသည့် အတွက် ဖမ်းဆီးခံရသူများလည်း ရှိကြောင်း သိရသည်။

ထိုင်းနိုင်ငံ၏ ဥပဒေအရ အထောက်အထားမဲ့ အလုပ်လုပ်ကိုင်ခွင့် မရှိသည့် အလုပ်သမားနှင့် လုပ်ကိုင်ခွင့် မရှိသည့် အလုပ်အမျိုးအစားကို လုပ်ကိုင်သည့်အလုပ်သမားကို တွေ့ရှိပါက ဒဏ်ငွေ ဘတ် ၅,၀၀၀ မှ ၅၀,၀၀၀ အထိ ဒဏ်ငွေပေးဆောင်ရမည်ဖြစ်ပြီး နေရပ်သို့ပြန်ပို့ခံရခြင်းနှင့်အတူ အလုပ်လုပ်ကိုင်ခွင့် (၂)နှစ်ပါ ပိတ်ခံရမည် ဖြစ်သည်။

လက်ရှိတွင် စီမံချက်ဖြင့် လိုက်လံရှာဖွေရာ၌ ဈေးဆိုင်များ၊ စက်ရုံ၊ အလုပ်ရုံများ၊ ဆောက်လုပ်ရေးလုပ်ငန်းများနှင့် စားသောက်ဆိုင်လုပ်ငန်းများ အစရှိသည့် နေရာပေါင်း ၂၀၃ ခု၌ ဝင်ရောက်ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။