CNI News

၂၀၂၄ ခုနှစ်၊ ဇူလိုင် ၂

ထိုင်းနိုင်ငံအတွင်းရှိ တရားမဝင် အထောက်အထားမဲ့ နိုင်ငံခြားသားရွှေ့ပြောင်းလုပ်သားများကို ဖမ်းဆီးမည့် ၄ လတာ (ရက်ပေါင်း ၁၂၀) စီမံချက်ကို ဇွန်လတွင် စတင်ခဲ့ပြီး  ၂၄ ရက်အတွင်း တရားမဝင် မြန်မာရွှေ့ပြောင်း ခြောက်သောင်းကျော် ဖမ်းဆီးခံထားရကြောင်း ထိုင်းအလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ဇွန်လ ၅ ရက်နေ့မှ ၂၈ ရက်ထိ ၂၄ ရက်အတွင်း ထိုင်းနိုင်ငံနေရာအနှံ့ရှိ တရားမဝင်အလုပ်သမားများကို လိုက်လံ စစ်ဆေးမှုပြုလုပ်ရာတွင် ဖမ်းဆီးရမိသူ စုစုပေါင်း ရှစ်သောင်းနီးပါးရှိပြီး ၎င်းတို့မှာ မြန်မာအလုပ်သမား ၅၈၈၆၈ ဦး ၊ ကမ္ဘောဒီးယားအလုပ်သမား ၁၁၉၁၃ ဦး၊ လာအိုအလုပ်သမား ၅၅၇၁ ဦး၊ ဗီယက်နမ်အလုပ်သမား ၂၂ ဦး နှင့် အခြားနိုင်ငံသားအလုပ်သမား ၂၄၂၄ ဦးတို့ ဖြစ်ကြကြောင်းသိရသည်။

ပြီးခဲ့သည့် ဇွန်လက တရားမဝင် ရွှေ့ပြောင်းလုပ်သားများအား လူသစ် ဘတ်ရိုက်ပေးရန် ထိုင်းအစိုးရအဖွဲ့မှ အတည်ပြုပြီးတစ်ပြိုင်နက် ယခုကဲ့သို့ ၄ လတာ စီမံချက်ဖြင့် တရားမဝင်များအား ဖမ်းဆီးမည်ဟု ထုတ်ပြန်ခဲ့ ခြင်းဖြစ်ပြီး ယခုကဲ့သို့ ဖမ်းဆီးခြင်းသည် အွန်လိုင်းလောင်းကစားကိစ္စများနှင့် ပတ်သက်နိုင်ကြောင်း အလုပ်သမား အခွင့်အရေးဖောင်ဒေးရှင်း LRF မှ ဦးအောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။

တရားမဝင် ဝင်ရောက်လာသူများအား သက်ဆိုင်ရာမှ ဖမ်းဆီးထားစဉ်

“ကျနော်တို့အထင်ကတော့ သူ့နိုင်ငံရဲ့ နိုင်ငံတော်လုံခြုံရေး၊ နောက်ပြီးတော့ အခုလောလောဆယ် ရေပန်းစား နေတဲ့ အွန်လိုင်းလောင်းကစားမှုဆိုတဲ့ ကိစ္စတွေ အဲဒါတွေနဲ့ ဆက်နွယ်မယ်ထင်တယ်။ ဘာကြောင့်လဲဆိုတော့ တချို့ မြန်မာနိုင်ငံသားတွေက ကိုယ်တိုင်က လောင်းကစားမှုတွေ လိမ်လည်မှုတွေမှာ ပါဝင်နေတာတော့ မဟုတ်ဘူး။ သို့သော် မသိနားမလည်တဲ့ ကျနော်တို့မြန်မာနိုင်ငံသားတွေကို အခွင့်ကောင်းယူပြီးမှ တချို့ စက်ရုံ အလုပ်ရုံ ဒါမှမဟုတ် ဆောက်လုပ်ရေးလုပ်ငန်းဆိုက်တွေမှာ ဒါတွေက သတင်းမှာတော်တော်လေး ကျယ်ပြန့်ခဲ့ပါ တယ်။ အဲဒီအလုပ်သမားတွေရဲ့ တရားဝင် စာရွက်စာတမ်းတွေကို ခေတ္တယာယီ ဘဏ်အကောင့်တွေ ဘာတွေ ဖွင့်တာတို့၊ အဲဒီဘဏ်အကောင့်ထဲမှာ ငွေတွေဘာတွေ စီးဆင်းတာ လည်ပတ်တာ ဒါတွေနဲ့လည်း ဆက်စပ်မယ်လို့ ကျနော့်အနေနဲ့ သုံးသပ်လိုပါတယ်” ဟု ၎င်းက ပြောသည်။

ထိုင်းရှိ တရားမဝင် အထောက်အထား မပြည့်စုံသည့် ရွှေ့ပြောင်းလုပ်သားများအား တွေ့ရှိပါက ဖမ်းဆီးခြင်း၊  ဒဏ်ရိုက်ခြင်း၊ နေရပ်ပြန်ပို့ခြင်း အပြင် အချက်လေးချက်ဖြင့် နှိမ်နင်းမည့် ၄ လတာ စီမံချက်အား ထိုင်းအာဏာ ပိုင်များမှ တရားဝင်ထုတ်ပြန်ထားခြင်းဖြစ်သည်။

စီမံချက်ဖြင့် ဖမ်းဆီးခြင်းသည် ဟိုးယခင်က ရှိခဲ့ဖူးသော်လည်း ထိုင်းအာဏာပိုင်များမှ ထိုကဲ့သို့ မပြုလုပ်သည်မှာ ကာလတစ်ခုအထိ ရှိခဲ့ပြီးနောက် ယခုအခါတွင် ပြန်လည်စတင်လာခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ဖမ်းဆီးခံထားရသည့် တရားမဝင် ‌ရွှေ့ပြောင်းလုပ်သား ရှစ်သောင်းထဲကမှ မြန်မာအလုပ်သမား ၃၅၂ ဦး၊ လာအိုအလုပ်သမား ၇၅ ဦး ၊ကမ္ဘောဒီးယား အလုပ်သမား ၅၃ ဦး၊ ဗီယက်နမ်အလုပ်သမား ၅ ဦး၊ အခြား နိုင်ငံသား ၄၉ ဦးတို့ကို အရေးယူဆောင်ရွက်ပြီးသွားပြီဖြစ်ကြောင်း ထိုင်းအလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန် ထားသည်။

သက်ဆိုင်ရာမှ လုပ်ငန်းခွင်တစ်ခုကို ဝင်ရောက်စစ်ဆေးနေစဉ်

ထိုသို့ လိုက်လံရှာဖွေရာတွင် ဈေးဆိုင်များ၊ စက်ရုံ၊ အလုပ်ရုံများ၊ ဆောက်လုပ်ရေးလုပ်ငန်းများနှင့် စားသောက်ဆိုင် လုပ်ငန်းများ အစရှိသည့် နေရာပေါင်း ၂၀၃ ခု၌ ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မဲဆောက်တွင်နေထိုင်သူ ကိုမိုးလေးက “ကျနော့်အမြင်အရကတော့ ဘတ်ရိုက်ခါနီး သတင်းတွေထွက်တာပေါ့ ခြိမ်းခြောက်တဲ့ပုံစံမျိုး အကုန်လုံး ဘတ်ရိုက်ကြအောင်၊ ပြီးတော့ ထိုင်းနိုင်ငံက ပွဲစားတွေကလည်း ဒီဟာကို စောင့်နေကြတာပဲ။ အလုပ်အပိုင်းကတော့ နည်းနည်းရှားတယ်။ လူလိမ်လူညာများတာပေါ့။ လိမ်ခံထိတဲ့သူလည်း တော်တော်များတယ်။ အထောက်အထားမရှိတဲ့လူတွေအတွက်ကတော့ အလုပ်အကိုင်က တော်တော်ကို ရှားတယ်။ အထောက်အထား ရှိတဲ့လူတောင်မှ MOU သမားတွေ ဘာတွေတောင်မှ သူတို့မှာ အေးဂျင့်လိမ်တာတို့ ဘာတို့တွေ့နေရတယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။

အထောက်အထားမဲ့ အလုပ်လုပ်ကိုင်ခွင့် မရှိသည့် အလုပ်သမားနှင့် လုပ်ကိုင်ခွင့်မရှိသည့် အလုပ်အမျိုးအစားကို လုပ်ကိုင်သည့်အလုပ်သမားကို တွေ့ရှိပါက ဒဏ်ငွေ ဘတ် ၅,၀၀၀ မှ ၅၀,၀၀၀ အထိ အလုပ်သမားမှ ဒဏ်ငွေ ပေးဆောင်ရမည်ဖြစ်ပြီး နေရပ်သို့ပြန်ပို့ခံရခြင်းနှင့်အတူ အလုပ်လုပ်ကိုင်ခွင့် (၂)နှစ်ပါ ပိတ်ခံရမည်ဖြစ်သည်။

အလုပ်လုပ်ကိုင်ခွင့်မရှိသည့် အလုပ်သမားကိုလက်ခံသည့် အလုပ်ရှင်ကို တွေ့ရှိပါက အလုပ်သမားတဦးလျှင် ဘတ် ၁၀,၀၀၀ မှ ၁၀၀,၀၀၀ ထိ ဒဏ်ငွေပေးဆောင်ရမည်ဖြစ်ပြီး ထပ်မံကျူးလွန်မှုတွေ့ရှိပါက ထောင်ဒဏ် အများဆုံး ၁ နှစ်နှင့် ဘတ်ငွေ ၅၀,၀၀၀ မှ ၂၀၀,၀၀၀ ထိ ပေးဆောင်ရမည် ဖြစ်ကာ ရွှေ့ပြောင်း အလုပ်သမားငှားရမ်းခွင့် ၃ နှစ် ပိတ်ခံရမည်ဖြစ်ကြောင်းလည်း သိရသည်။