CNI International News

အစ္စလာမ်မာဘက် ၊ ဇူလိုင် ၃

ပါကစ္စတန်၏ စိုက်ပျိုးရေးနှင့် အစားအစာကဏ္ဍသည် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရခြင်းကြောင့် ပို့ကုန်ကဏ္ဍတွင် ကုန်စည် အများအပြား အကန့်အသတ်ဖြင့်သာ တင်ပို့နေရသည်ဟု latestly သတင်းဝက်ဘ်ဆိုက်မှ ဖော်ပြခဲ့သည်။

ထိုကုန်စည်များထဲတွင် ဆန်စပါးသည် အဓိက ပို့ကုန်ကဏ္ဍတစ်ခုဖြစ်ပြီး ၂၀၂၄ ခုနှစ် ဘဏ္ဍာနှစ်၌ နိုင်ငံခြားငွေ လှဲလှယ်မှု တန်ဖိုးအရ ဒေါ်လာ ၃ ဒသမ ၅ ဘီလျံအထိ ရှိခဲ့သည်ဟု Dawn သတင်းစာတွင် ဖော်ပြခဲ့သည်။

မည်သို့ပင်ဆိုစေ ဆန်စပါးတင်ပို့မှု လုပ်ငန်းသည် တင်ပို့ရောင်းချခွင့် ငြင်းပယ်ခံရသည့် ခြိမ်းခြောက်မှုနှင့် ရင်ဆိုင် နေရပြီး အထူးသဖြင့် ဥရောပသမဂ္ဂ၊ ဗြိတိန်နှင့် အမေရိကန်တို့က အစားအစာ ဘေးကင်းလုံခြုံရေး စိုးရိမ်မှု အကြောင်းပြချက်များဖြင့် ပါကစ္စတန်၏ ဆန်များတင်ပို့မှုကို ငြင်းပယ်မည့် အရိပ်လက္ခဏာများ ပြသခဲ့သည်။

ပါကစ္စတန်မှ တင်ပို့သည့် ဆန်များဖြစ်သော အိန္ဒိယနှင့် ပါကစ္စတန်၏ ဆန်မျိုးရင်းဖြစ်သည့် ဘာစမာတီ (Basmati) ဆန်များထဲတွင် ပိုးသတ်ဆေး အကြွင်းအကျန်များကို တွေ့ရှိခဲ့သဖြင့် ၂၀၂၃ ခုနှစ်တွင် ဥရောပသမဂ္ဂ သည် သတိပေးနှိုးဆော်ချက်များ ထုတ်ပြန်ခဲ့သည်။

ထိုဆန်များသည် ဥရောပသမဂ္ဂက သတ်မှတ်ထားသည့် ပိုးသတ်ဆေး အကြွင်းအကျန် ပါဝင်မှု သတ်မှတ်ချက်နှင့် ကိုက်ညီမှု မရှိခဲ့ပေ။ 

ပြီးခဲ့သည့်နှစ်ကလည်း အိန္ဒိယ၏ ဆန်များသည် ဥရောပသမဂ္ဂ၏ စံသတ်မှတ်ချက်နှင့် ကိုက်ညီမှုမရှိသည့် ရာခိုင်နှုန်း ပါကစ္စတန်နှင့်နှိုင်းယှဉ်ပါက ပိုမိုများပြားခဲ့သည်။

ပါကစ္စတန်က တောင်သူများကိုတွေ့ရစဉ်

မည်သို့ပင်ဆိုစေ ၂၀၂၄ ခုနှစ်တွင် ပါကစ္စတန်၏ ဆန်များတင်ပို့မှုနှင့် ပတ်သက်ပြီး သတိပေးနှိုးဆော်ချက်များ ထုတ်ပြန်ခံရမှုနှုန်းသည် အိန္ဒိယထက် ပိုမိုများပြားခဲ့သည်ဟု Dawn သတင်းစာက ဖော်ပြခဲ့သည်။

ထို့ပြင် ပါကစ္စတန်၏ ဆန်များထဲတွင် မှိုစွဲပြီး အဆိပ်သင့်စေနိုင်သည့် ဓာတုဒြပ်ပေါင်းဖြစ်သော mycotoxins များ၊ အထူးသဖြင့် aflatoxins များ ပိုမိုမြင့်မားနေကြောင်း၊ လွန်ခဲ့သည့် ၃ နှစ်အတွင်း အိန္ဒိယနှင့် နှိုင်းယှဉ်ပါက ထိုအဆိပ်သင့် ဒြပ်ပေါင်းများ ပါဝင်မှုသည် ပိုမိုမြင့်မားခဲ့သည်။

Aflatoxin ဒြပ်ပေါင်းသည် ဆန်များတွင် မှိုများကြောင့်ဖြစ်သည့် အဆိပ်သင့် ပစ္စည်းတစ်မျိုးဖြစ်သည်။ 

ပါကစ္စတန်က တင်ပို့သည့် ဆန်များတွင် ပိုးသတ်ဆေး အကြွင်းအကျန်များ တွေ့ရှိခဲ့ရသဖြင့် ပါကစ္စတန် ဆန်တင်ပို့သူများသည် ၎င်းတို့၏ ဆန်တင်ပို့မှုများကို ငြင်းပယ်ခံရမည့် အခြေအနေနှင့် ရင်ဆိုင်နေရသည်။

ထို့ကြောင့် မှန်ကန်ထိရောက်သည့် အစီအစဉ်များကို အလျင်အမြန် ချမှတ်ဖော်ဆောင်ခြင်း မရှိပါက ပါကစ္စတန် ဆန်တင်ပို့သူများသည် ဥရောပသမဂ္ဂ၏ ပိတ်ပင်မှုနှင့် ရင်ဆိုင်ရနိုင်ပြီး ပါကစ္စတန်၏ ဆန်စပါးကဏ္ဍသည် စိုးရိမ်ရ သည့် အခြေအနေသို့ ရောက်ရှိနေသည်ဟု Dawn သတင်းစာက ဖော်ပြခဲ့သည်။

Source: latestly