CNI International News

ဗီယင်နာ၊ မတ်လ ၁၃

ဩစတြေးလျနိုင်ငံမှ တိဘက်အဖွဲ့အစည်း၏ လက်အောက်မှ တိဘက်လူမျိုးများသည် စေတနာ့ဝန်ထမ်း တိဘက် ထောက်ခံရေးအဖွဲ့များ (V-TAGs) နှင့်အတူ ဗီယင်နာ (Vienna) မြို့တော်ရှိ တရုတ်သံရုံး အပြင်ဘက်တွင် မတ် ၁၀ ရက်က ဆန္ဒပြခဲ့ကြသည်ဟု Dailyhunt သတင်းတွင် ဖော်ပြခဲ့သည်။

တိဘက်ကို တရုတ်က သိမ်းပိုက်မှု၊ တရုတ်၏ ဖိနှိပ်မှုတို့ကို ဆန့်ကျင်ကြောင်း ဖော်ပြသည့်အနေဖြင့် တိဘက်လူမျိုး များသည် (၆၅)ကြိမ်မြောက် တိဘက်အမျိုးသား အုံကြွမှုနေ့၏ အထိမ်းအမှတ်အဖြစ် စုရုံးဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။

ဆန္ဒပြသူ ၂၀၀ ခန့်သည် တိဘက်အလံများနှင့် တိဘက်တွင် တရုတ်၏ ဖိနှိပ်မှုများကို ဆန့်ကျင်ကြောင်း ရေးသား ထားသည့် ပိုစတာများအား ကိုင်ဆောင်ပြီး ဆန္ဒပြခဲ့ကြသည်ဟု တရားဝင် ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ဆန္ဒပြသူများက “တိဘက်ဒေသကို တိဘက်လူမျိုးတွေ ပိုင်တယ်”၊ “ဒလိုင်းလားမား (Dalai Lama) သက်တော် ရှည်ပါစေ” ၊ “တိဘက်ဒေသက တရုတ်ထွက်သွား” ဟူသည့် ကြွေးကြော်သံများကို ဟစ်ကြွေးခဲ့ကြသည်။

ဒိုလိုရက်စ် ဘာကို့စ်ကို တွေ့ရစဉ်

ဩစတြီးယား နိုင်ငံရေးသမားတစ်ဦးဖြစ်ပြီး ဩစတြီးယားနိုင်ငံတော် ပါလီမန်နှင့် ဗီယင်နာမြို့ကောင်စီ အဖွဲ့ဝင် ဖြစ်သည့် ဒိုလိုရက်စ် ဘာကို့စ် (Dolores Bakos)ကလည်း “တိဘက်ကို လွှတ်ပေးပါ” ဟု ရေးသားထားသည့် ပိုစတာနှင့်အတူ ဆန္ဒပြမှုတွင် ပါဝင်ခဲ့သည်။

မစ္စစ် ဘာကို့စ်က ဩစတြီးယားပြည်သူများသည် တိဘက်လူမျိုုးများနှင့် စည်းလုံညီညွတ်စွာရှိကြောင်း၊ ၎င်းတို့ ပါတီသည် ဩစတြေးလျရှိ တိဘက်လူမျိုးအတွက် ဆက်လက် ရပ်တည်ပေးမည် ဖြစ်ကြောင်းနှင့် တိဘက်လူမျိုး များအတွက် တရားမျှတမှုကို ဆောင်ကြဉ်းပေးရန်နှင့် တရုတ်ကို ၎င်း၏လုပ်ဆောင်ချက်များအတွက် တာဝန်ယူမှု ရှိစေရန် ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

တိဘက်ဒေသတွင် တိဘက်လူမျိုးများ၏ ယဉ်ကျေးမှုနှင့် ဘာသာရေး လွတ်လပ်ခွင့်များသည် ချိုးဖောက်ခံနေရပြီး လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အခြေအနေမှာလည်း စိုးရိမ်စရာကောင်းသည်ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

ဘာကို့စ်သည် New Austria and Liberal Forum (NEOS) ပါတီမှဖြစ်ပြီး မကြာသေးမီက NEOS ပါတီသည် တိဘက် ကလေးငယ်များကို ဘော်ဒါဆောင် စာသင်ကျောင်းများတွင် အတင်းအကျပ် နေရာရွှေ့ပြောင်းပေးခဲ့သော တရုတ်၏ လုပ်ဆောင်ချက်ကို ရှုတ်ချသည့် ကြေညာချက်အား လွှတ်တော်မှာ တင်ပြခဲ့သည်။

Source: Dailyhunt