CNI News

၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၀

ယခုတတိယအကြိမ် လွှတ်တော်တွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသမိုင်း၌ ပထမဆုံး ပုဒ်မများစွာကို ပြင်နိုင် သည့် တစ်ခုတည်းသော လွှတ်တော်ကြီးဖြစ်လာနိုင်ကြောင်း ရခိုင့်ဦးဆောင်ပါတီ(AFP)မှ ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်က CNI သတင်းဌာနသို့ ပြောသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း(EAO)၊ နိုင်ငံ‌ရေးပါတီနှင့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်း ရေး ဖော်ဆောင်မှုညှိနှိုင်း‌ရေးကော်မတီ(NSPNC)တို့ ဆွေးနွေး၍ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး အချက် ၄၃ ချက် သဘောတူညီထားသည်။

အဆိုပါ သဘောတူညီချက် ၄၃ ချက်ကို လွှတ်တော်သို့ တင်၍ ဆွေးနွေး ပြင်ဆင်သွားမည်ဖြစ်ကြောင်း နိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားထားသည်။

ယခုလွှတ်တော်က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပ‌ဒေ ပြင်ဆင်ရေး သမိုင်းတွင် ပထမဆုံး ပြင်ဆင်နိုင်မည့် လွှတ်တော် ဖြစ်လာနိုင်သည်ဟု ရခိုင့်ဦးဆောင်ပါတီ(AFP)မှ ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “အရင်တုန်းက ပထမအကြိမ် လွှတ်တော်သက်တမ်းတုန်းက အခြေခံဥပဒေပြင်ဆင်ဖို့အတွက် လုပ်ခဲ့ကြ တာရှိတယ်။ အဲဒီမှာ ကျနော်တို့ လွှတ်တော်တွင်းမှာ ကော်မတီဖွဲ့တာပေါ့ဗျာ။ ပထမ လေ့လာသုံးသပ်တဲ့ကော်မတီ ထင်တယ်ဗျ၊ နောက် လုပ်ငန်းကော်မတီ၊ ဒါ ၄၅ ဦးလားပါတယ်ဗျ။ အဲဒီမှာ ဒုတိယဥက္ကဋ္ဌတွေက ဦးဆောင်ကြတာ ပေါ့ဗျာ။ အဲဒီတော့ အချင်းချင်း အခြေခံဥပဒေပြင်ဆင်ရေး လုပ်ငန်းကော်မတီ အဖွဲ့အစည်းမှာ ပုဒ်မ တစ်ခုချင်းကို သဘောတူညီခဲ့ကြတာရှိတယ်။ သို့ပေသည့် ပြင်ဆင်ချက်တွေ အများကြီး လွှတ်တော်တင်တဲ့အခါမှာ ထင်သ လောက် ခရီးမပေါက်ခဲ့ကြဘူး။ ပုဒ်မ တော်တော်များများမှာ ဝေါဟာရ ဘယ်လောက်ပဲပြင်ပြင် အတည်ပြုဖို့ ခက်ခဲ ခဲ့ကြတာပေါ့ လွှတ်တော်ထဲမှာလေ။ တိုင်းဒေသကြီး/ပြည်နယ် လုပ်ပိုင်ခွင့် ပိုရအောင် ဇယား ၂ ကို ဇယား ၁ က ဟာ တော်တော်များများကို ကျနော်တို့ ပြောင်းပြီးတော့ တင်ပြခဲ့ကြတာရှိတယ်။ ဒါပေမယ့် နောက်ဆုံးပေါ့ဗျာ ပြည်ထောင်စုလွှတ်တော်က သဘောတူမှပဲ ဇယား ၂ မှာပါတဲ့ ပြည်နယ်/တိုင်းဒေသကြီးဥပဒေ၊ လွှတ်တော်က ပြဋ္ဌာန်းနိုင်တဲ့ ဥပဒေတွေမှာ တစ်ခါ ဘောင်ကပ်လိုက်တာပေါ့။ ကျနော်တို့ ပြည်နယ်/တိုင်းဒေသကြီး လွှတ်တော် တွေက ဒီကဏ္ဍ၊ ဒီကဏ္ဍမှာ ဥပဒေပြဋ္ဌာန်းပိုင်ခွင့် ရှိရင်တောင်မှ အဲဒီဥပဒေတွေကို ပြည်ထောင်စုလွှတ်တော်က သဘောတူမှသာလျှင် ဆိုတာမျိုးပေါ့။ ဒါပြည်ထောင်စုဗဟိုက ပြန်ထိန်းတာပေါ့ဗျာ။ အဲဒီတော့ အခုတတိယ အကြိမ် လွှတ်တော်မှာ ၄၃ ချက်ကတော့ Solid ဖြစ်သွားတာပေါ့။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသမိုင်းမှာ ပထမ ဆုံး ပုဒ်မများစွာကို ပြင်နိုင်တဲ့ တစ်ခုတည်းသောကာလ မကြာခင် ရောက်လာနိုင်ပါတယ်။ လာမယ့် ကာလလေး မှာ အခြေခံဥပဒေကို ပုဒ်မများစွာကို ပြင်နိုင်တဲ့၊ အတည်ပြုနိုင်တဲ့ လွှတ်တော်ကြီး ဖြစ်သွားနိုင်တယ်၊ ပြည်ထောင်စု တစ်ခုလုံးက အတည်ပြုတဲ့ အခြေခံဥပဒေပြင်ဆင်ရေးအထိ ပေါ်ထွန်းလာနိုင်ပါတယ်”ဟု ပြောသည်။

နိုင်ငံရေးပါတီတွေနဲ့ NSPNC တွေ့ဆုံ ဆွေးနွေးကြစဉ်

လွှတ်တော်တစ်ခုတွင် ဥပဒေ သို့မဟုတ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မများစွာကို ပထမဆုံးအကြိမ်အဖြစ် ပြင် ဆင်ရန် လုပ်ထုံးလုပ်နည်းများသည် သက်ဆိုင်ရာ လွှတ်တော်၏ လုပ်ထုံးလုပ်နည်း စည်းမျဉ်းများနှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များအပေါ်တွင် အဓိက မူတည်ပါသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၆၁ ကို ပြင်ဆင်ရန် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော် ဆော်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) နိုင်ငံရေးပါတီများ အစုအဖွဲ့တို့ သဘောတူခဲ့ကြောင်း သိရသည်။

သို့သော်လည်း လက်တွေ့မှာ ပုဒ်မ ၂၆၁ ပြင်ဆင်ရေးသည် သဘောတူညီချက် ရလာနိုင်ခြေ နည်းကြောင်း ဆွေးနွေးပွဲမှာ ပါဝင်ခဲ့သူ တချို့က ပြောသည်။

လက်ရှိလွှတ်တော်ကမူ အရောင်အသွေး မစုံသည့်အတွက် ကွဲပြားရန် မရှိကြောင်း၊ လွှတ်တော်လည်း ပါတီ၏ မူဝါဒ သဘောတရားများ လွှမ်းမိုးပြီး၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရန် တကယ့်တကယ် နက်နက်နဲနဲ ပြင်ဆင် ရန် ခက်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာအောင်မျိုးက CNI သတင်းဌာနသို့ ပြောသည်။

ပြည်ထောင်စုလွှတ်တော်ကျင်းပနေစဉ်

၎င်းက “ဒီလူတွေကို လက်ရှိ လွှတ်တော်ကတော့ ကျနော်တို့က အရောင်အသွေးမစုံဘူး။ ကွဲပြားဖို့ မရှိဘူးပေါ့နော်။ တညီတညွတ်ထဲ ဒုတိယအကြိမ် NLD ခေတ်က အများစုလွှတ်တော်လိုပဲ အခုကျတော့လည်း ကြံ့ခိုင်‌ရေးအများစု လွှတ် တော် ဖြစ်နေတယ်။ အဲဒီအခါကြတော့ မျှမသွားတဲ့ အတွက်ကြောင့်မို့လို့ သူ့ပါတီတွေရဲ့ Control ပေါ့နော်။ ပါတီရဲ Control က လွှတ်တော်ပေါ်မှာ သက်ရောက်နေတယ်။ သက်ရောက်တဲ့ အခါကြတော့ ပါတီမူဝါဒကပါလာမှာ။ အဲဒီအခါကြတော့ ပါတီက လုပ်ဆိုမှ လုပ်ရမှာပေါ့နော်။ ပြည်ခိုင်ဖြိုးပါတီကြီးက အင်အားအများစုနဲ့နေတယ် ပြီး တော့ လွှတ်တော်လည်း ပါတီရဲ့ မူဝါဒ သဘောတရားတွေ လွှမ်းမိုးမယ်။ အဲဒီတော့ နည်းနည်းတော့ စောင့်ကြည့် ပေးရ အုံးမှာပေါ့နော်။ ဒေသပြည်သူတွေရဲ့ ဖိအားက ဘယ်လောက် ဖြစ်လာမလဲဆိုတာ ကြည့်ရမှာပေါ့နော်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်မယ်ဆိုတာက သူက ဘယ်လောက် အတိုင်းအတာထိ ပြင်မလဲဆိုတာက ကျနော်တို့က ကြည့်ရမှာလေ။ ၂၆၁ လိုဟာမျိုးပေါ့နော်။ မပြင်ရင်ရော မရဘူးလားသူက၊ မပြင်လည်း ရတာဘဲလေ။ မပြင်ဘဲနဲ့ နိုင်ငံတော်သမ္မတကနေပြီးတော့ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် လွှတ်တော်ကို ခင်ဗျားတို့ ဘယ်သူ တင် ပေးချင်သလဲ အဲဒီနာမည်စာရင်း ကျနော်ပေးပါဆိုရင် မပြီးဘူးလား။ အဲဒီတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ဖို့ ဆိုတာက ကျနော်အထင်တော့ တကယ့်တကယ် နက်နက်နဲနဲ ပြင်ဆင်ဖို့ ခက်ပါတယ်။ ဒီဆန့်ကျင်ဘက် ဥပဒေ မရှိရင် လုပ်လို့ရတယ်ဆိုတဲ့ အနေအထားမျိုးလေးတွေရှိတာကို အဲဒီတော့ စောင့်ကြည့်ရမှာပေါ့နော်”ဟု ပြော သည်။

ထို့နောက် ပုဒ်မ ၂၆၁ ကို ယခင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက် ဒုတိယအကြိမ် လွှတ် တော်မှာ ပြင်ဆင်ရန် တပ်မတော်သားများ အဆိုတင်သွင်းခဲ့ကြောင်း၊ NLD က ကန့်ကွက်၍ ပျက်သွားခဲ့ကြောင်း သိရသည်။

အလားတူ ဦးသိန်းစိန် ဦးဆောင်သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP) အစိုးရ လက်ထက် တုန်းကလည်း ပုဒ်မ ၂၆၁ ကို ပြင်ဆင်ရန် တပ်မတော်နှင့် USDP က ကန့်ကွက်ခဲ့ကြသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂၆၁ အရ နိုင်ငံတော်သမ္မတသည် ဒေသဆိုင်ရာ လွှတ်တော်အမတ်များထဲမှ ၎င်းလိုလား သူကို ရွေးချယ်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ခန့်အပ်သည်။