CNI International News

ကီတို၊ သြဂုတ် ၁၁

ဒုစရိုက်ဂိုဏ်းများ၏ အကြမ်းဖက်မှုများနှင့် ရင်ဆိုင်နေရသည့် အီကွေဒေါနိုင်ငံတွင် သြဂုတ် ၉ ရက်က သမ္မတ ရွေးကောက်ပွဲဝင်ပြိုင်ခဲ့သော ကိုယ်စားလှယ်လောင်းတစ်ဦး လုပ်ကြံသတ်ဖြတ်ခံခဲ့ရပြီးနောက် နိုင်ငံအတွင်း အရေးပေါ် အခြေအနေ ကြေညာခဲ့သည်ဟု အေပီမှ ဖော်ပြခဲ့သည်။

ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်း ဖာနန်ဒို ဗီလာဗီဆန်စီယို (Fernando Villavicencio) သည် ရွေးကောက်ပွဲမတိုင်မီ သတင်းနှစ်ပတ်အလိုတွင် ကီတို (Quito)မြို့တော်၌ ပြုလုပ်သည့် မဲဆွယ်စည်းရုံးမှုအတွင်း ပစ်ခတ်သတ်ဖြတ် ခံခဲ့ရခြင်း ဖြစ်သည်။

ဖာနန်ဒိုသည် မူးယစ်ဆေးဝါးဂိုဏ်းများနှင့် အကျင့်ပျက်ခြစားမှုများကို ဆန့်ကျင်သူတစ်ဦးဖြစ်သည်။ သူသည် ရွေးကောက်ပွဲတွင် အနိုင်ရရန် ရေပန်းစားနေသည့် ကိုယ်စားလှယ်လောင်းများထဲတွင် မပါဝင်သော်လည်း သူ လုပ်ကြံသတ်ဖြတ်ခံရမှုကြောင့် သမ္မတ ဂွီလာမို လက်ဆို (Guillermo Lasso) သည် ရာဇဝတ်မှုများနှင့် ဆက်နွှယ် မှုရှိနိုင်သည်ဟု ထင်ကြေးပေးမှုများ ထွက်ပေါ်လာခဲ့သည်။

သမ္မတ ဂွီလာမို လက်ဆိုကိုတွေ့ရစဉ်

သမ္မတ လက်ဆိုကမူ ဖာနန်ဒို လုပ်ကြံခံရမှုအတွက် သုံးရက်ကြာ ဝမ်းနည်းပူဆွေးမှု ကာလအဖြစ် ကြေညာခဲ့ပြီး နိုင်ငံတစ်ဝန်း စစ်သားများကို ဖြန့်ကြက်ချထားခဲ့၍ အရေးပေါ်အခြေအနေ ကြေညာခဲ့သည်။

"ဒီမိုကရက်တစ် တစ်ဦးနဲ့ ဖိုက်တာတစ်ဦးကို ဆုံးရှုံးခဲ့ရတာကြောင့် ရွေးကောက်ပွဲကို ဆိုင်းငံ့မှာ မဟုတ်ပါဘူး။ ရွေးကောက်ပွဲကို ကျင်းပမှာဖြစ်ပြီး ဒီမိုကရေစီဟာလည်း ခိုင်မာစွာ ရှင်သန်နေရမှာ ဖြစ်ပါတယ်"ဟု လက်ဆိုက သြဂုတ် ၁၀ ရက်တွင် ပြောကြားခဲ့သည်။

အသက် ၅၉ နှစ်အရွယ် ဖာနန်ဒိုသည် လုပ်ကြံမခံရမီ နောက်ဆုံး ပြောကြားခဲ့သည့် မိန့်ခွန်းတွင် အကျင့်ပျက်ခြစား မှုကို အမြစ်ဖြတ်သွားမည်ဖြစ်ပြီး နိုင်ငံ့ဘဏ္ဍာ ခိုးယူသူများကို ထောင်ဒဏ် ချမှတ်သွားမည်ဟု ပြောကြားခဲ့သည်။

သူလုပ်ကြံခံခဲ့ရပြီးနောက် သူ့ကို လုပ်ကြံသည်ဟု သံသယရှိသူကို ပစ်ခတ်ဖမ်းဆီးခဲ့ချိန်တွင် ထိုသံသယရှိသူသည် ပစ်ခတ်မှုအတွင်း ရရှိခဲ့သည့် ဒဏ်ရာများဖြင့် အချုပ်ချခံထားရချိန်မှာပဲ သေဆုံးခဲ့သည်ဟု အီကွေဒေါ အစိုးရ ရှေ့နေချုပ်ရုံးက ထုတ်ပြန်ခဲ့သည်။

ထိုလုပ်ကြံမှုနှင့်ပတ်သက်ပြီး ကွီတိုမြို့တော်တွင် ရှာဖွေဖမ်းဆီးရေး စစ်ဆင်ရေးများကို ပြုလုပ်ခဲ့ရာ သံသယရှိသူ ခြောက်ဦးအား ဖမ်းဆီးရမိခဲ့သည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့သည်။