CNI International News

ဘေရွတ်၊ သြဂုတ် ၁၂

ဆီးရီးယားနိုင်ငံ အရှေ့ပိုင်းတွင် ဆီးရီးယားစစ်သားများ လိုက်ပါလာသည့် ဘတ်စ်ကားတစ်စီးကို သေနတ်သမား များက ခြုံခိုတိုက်ခိုက်ခဲ့သဖြင့် စစ်သား ၂၀ ထက်မနည်း သေဆုံးကာ ၁၀ ဦး ဒဏ်ရာရခဲ့သည်ဟု အေပီမှ ဖော်ပြခဲ့ သည်။

သြဂုတ် ၁၀ ရက် ညအချိန်က ဖြစ်ပွားခဲ့သည့် အဆိုပါတိုက်ခိုက်မှုကို အိုင်အက်စ်(IS)အဖွဲ့ဝင်များက လုပ်ဆောင်ခဲ့ ခြင်းဖြစ်ကြောင်း ယုံကြည်ရသည်ဟု တက်ကြွလှုပ်ရှားသူများက ပြောသည်။

အိုင်အက်စ်အဖွဲ့သည် ၂၀၁၉ ခုနှစ်က ဆီးရီးယားတွင် ရှုံးနိမ့်ခဲ့သည့်တိုင် နိုင်ငံ၏ နေရာဒေသအချို့တွင် ခြေကုပ် စခန်းများ တည်ထောင်ပြီး တိုက်ခိုက်မှုများကို ဆက်လက် လုပ်ဆောင်လျက် ရှိသည်။

ဆီးရီးယားစစ်သားများ တိုက်ခိုက်ခံရတဲ့ နေရာကို ပြသထားစဉ်

ဆီးရီးယားနှင့် အီရတ်နယ်စပ်ရှိ ဒိုင်ယာ အယ်လ်ဇော (Deir el-Zour) ပြည်နယ်၊ မာယာဒင်း (Mayadeen) မြို့ အနီးရှိ သဲကန္တရအတွင်း ဖြစ်ပွားခဲ့သည့် အဆိုပါ တိုက်ခိုက်မှုကြောင့် ဆီးရီးယား စစ်သား ၂၃ ဦး သေဆုံးပြီး ၁၀ ဦး ဒဏ်ရာရခဲ့သည်ဟု ဗြိတိန်အခြေစိုက် ဆီးရီးယားလူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (Syrian Observatory for Human Rights) အဖွဲ့က ပြောသည်။

ဆီးရီးယားစစ်သားတွေကိုတွေ့ရစဉ်

အိုင်အက်စ်အဖွဲ့သည် ဆီးရီးယားနှင့် အီရတ်၏ ကြီးမားသည့် နယ်မြေများကို ထိန်းချုပ်ခဲ့ပြီး ၂၀၁၄ ခုနှစ်၊ ဇွန်လ တွင် ၎င်းတို့၏ ကိုယ်ပိုင်နယ်နိမိတ်အဖြစ် ကြေညာခဲ့သည်။
နှစ်အနည်းငယ်အကြာတွင် အိုင်အက်စ်အဖွဲ့သည် ၎င်းတို့၏ ထိန်းချုပ်နယ်မြေများကို တဖြည်းဖြည်း ဆုံးရှုံးခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် အီရတ်နှင့် ၂၀၁၉ ခုနှစ်တွင် ဆီးရီးယား၏ ထိန်းချုပ်နယ်မြေ အားလုံးကို ဆုံးရှုံးခဲ့ကာ အရေးနိမ့်ခဲ့ သည်။

ဖေဖော်ဝါရီလ အတွင်းကလည်း ဆွတ်ခ်နာ (Sukhna) မြို့အနီးတွင် မြေအောင်းမှိုများ ရှာဖွေနေသည့် လုပ်သား များကို အိုင်အက်စ်အဖွဲ့က တိုက်ခိုက်ခဲ့သဖြင့် လူ ၅၃ ဦးထက်မနည်း သေဆုံးခဲ့သည်။ သေဆုံးသူ အများစုမှာ အလုပ်သမားများဖြစ်ပြီး ဆီးရီးယားအစိုးရ လုံခြုံရေးတပ်ဖွဲ့ဝင် အချို့လည်း ပါဝင်ခဲ့သည်။

ပြီးခဲ့သည့် သီတင်းပတ်က အိုင်အက်စ်အဖွဲ့သည် ၎င်းတို့အဖွဲ့ခေါင်းဆောင် အဘူအယ်လ် ဟူစိန် အယ်ဟူစိန်နီ အယ် ကာရာရှီ (Abu al-Hussein al-Husseini al-Qurayshi)သေဆုံးကြောင်း ကြေညာခဲ့ပြီး အဖွဲ့ခေါင်းဆောင် သစ်တစ်ဦးကို ရွေးချယ်ခဲ့သည်။

Source: အေပီ