CNI International News

ဘန်ကောက်၊ သြဂုတ် ၁၂ 

ညွန့်ပေါင်းအစိုးရအဖွဲ့အတွင်း အာဏာသိမ်း ခေါင်းဆောင်ဟောင်းများနှင့် ဆက်နွှယ်မှုရှိသည့် နိုင်ငံရေးပါတီနှစ်ခု ကို ထည့်သွင်းဖွဲ့စည်းသွားမည်ဟု ဖြူးထိုင်းပါတီ ခေါင်းဆောင်တစ်ဦးဖြစ်သူ ဖွမ်သမ် ဝီချာရာချိုင်း (Phumtham Wechayachai) က ပြောသည်ဟု The Nation မှ ဖော်ပြခဲ့သည်။

ဖြူးထိုင်းပါတီ ဦးဆောင်သည့် အစိုးရအဖွဲ့အနေနှင့် တည်ငြိမ်မှုကို စိတ်ချသေချာစေရန် Palang Pracharath ပါတီနှင့် United Thai Nation ပါတီတို့ကို လိုအပ်မည် ဟုတ်၊မဟုတ် မေးမြန်းခံရချိန်တွင် ဖွမ်သမ်က "နိုင်ငံရေး ပုစ္ဆာဟာ ရှင်းလင်းပါတယ်။ အဲဒီပါတီတွေ ပါကို ပါရပါမယ်။ ပြီးတော့ အခြေအနေကလည်း အဲဒီလိုလုပ်ဖို့ တွန်းအားပေးနေပါတယ်"ဟု ဖြေကြားခဲ့သည်။

ဖြူးထိုင်းအနေနှင့် အဆိုပါလမ်းကို ရွေးချယ်မှုအတွက် ကြီးကြီးမားမား ပေးဆပ်ရမည်ကို သိရှိနားလည်ထားသည် ဟု ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။

ပရာယွတ်နဲ့ ပရာဝစ်ကို တွေ့ရစဉ် 

Palang Pracharath ပါတီကို လက်ရှိ အိမ်စောင့်အစိုးရအဖွဲ့၏ ဒုတိယဝန်ကြီးချုပ် ပရာဝစ် ဝေါင်ဆူဝမ် (Prawit Wongsuwan) က ဦးဆောင်ထားပြီး United Thai Nation ပါတီကို မကြာသေးမီက နိုင်ငံရေးလောကမှ အနားယူ မည်ဟု ကြေညာထားသည့် ဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာ(Prayut Chan-o-cha) ဦးဆောင်ထားသည်။

ထိုအငြိမ်းစား ဗိုလ်ချုပ်ကြီး နှစ်ဦးစလုံးသည် အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၁၄ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ အုပ်ချုပ် ခဲ့သူများ ဖြစ်သည်။

အဆိုပါ စစ်အစိုးရသည် အောက်လွှတ်တော်၏ အမတ် ၅၀၀ နှင့်အတူ ဝန်ကြီးချုပ်ရာထူး နေရာကို ရွေးချယ်ရန် အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေအရ လုပ်ပိုင်ခွင့် ရရှိထားသည့် အထက်လွှတ်တော်အမတ် ၂၅၀ စလုံးကို တိုက်ရိုက် ခန့်အပ်ခဲ့သည်။

၂၀၂၃ ခုနှစ်၊ မေလ ၁၄ ရက်က ကျင်းပခဲ့သော ရွေးကောက်ပွဲမတိုင်မီကမူ ဖြူးထိုင်းပါတီသည် "ဦးလေးကြီး နှစ်ဦး၏ ပါတီများ" နှင့် လက်တွဲလုပ်ဆောင်မည် မဟုတ်ကြောင်း ထောက်ခံသူများကို ပြောကြားခဲ့သည်။

Palang Pracharath ပါတီမှ လွှတ်တော်အမတ် ပိုင်လိခ်ကိုတွေ့ရစဉ်

အဆိုပါ ဦးလေးကြီးဆိုသော စကားလုံး အသုံးအနှုန်းသည် ပရာယွတ်နှင့် ပရာဝစ်တို့ကို ရည်ညွှန်းပြောဆိုခဲ့ခြင်း ဖြစ်သည်။

ဝန်ကြီးချုပ်အဖြစ် အမည်စာရင်း တင်သွင်းသည့် ကိုယ်စားလှယ်လောင်းသည် အထက်နှင့်အောက် လွှတ်တော် နှစ်ရပ်စလုံး၏ ထောက်ခံမဲ ၃၇၆ မဲကို ရရှိရန် လိုအပ်သည်။

Palang Pracharath ပါတီမှ လွှတ်တော်အမတ် ပိုင်လိခ် (Pai Leeke) ကမူ ၎င်း၏ပါတီသည် ဖြူးထိုင်းပါတီမှ အဆိုပြုမည့် ဝန်ကြီးချုပ်ကိုယ်စားလှယ်လောင်းကို ခြွင်းချက်မရှိ ထောက်ခံသွားမည်ဟု ပြောကြားခဲ့သည်။

ထိုသို့ ပြောကြားမှုအတွက် ပိုင်ကို ကျေးဇူးတင်ကြောင်း ဖွမ်သမ်က ပြောကြားခဲ့သည်။

"တည်ငြိမ်တဲ့ အစိုးရဖွဲ့စည်းရေးမှာ ကူညီပေးမယ့် လူတိုင်းရဲ့ ထောက်ခံမှုကို ကျနော်တို့ ကျေးဇူးတင်ပါတယ်။ ကျနော်တို့ ရင်ကြားစေ့ရေးကို လိုအပ်ပါတယ်။ လူထုရဲ့ အကျိုးစီးပွားကို ကျနော်တို့ စောင့်ထိန်းပေးရမှာပါ"ဟု ဖွမ်သမ်က ပြောသည်။

ဖြူးထိုင်းသည် United Thai Nation ပါတီနှင့် မဟာမိတ်ဖွဲ့ရေးအတွက် ဆွေးနွေးရခြင်း မရှိသေးသော်လည်း United Thai Nation ပါတီသည် မိမိတို့၏ ဝန်ကြီးချုပ် ကိုယ်စားလှယ်လောင်း အဆိုတင်သွင်းမှုအား ထောက်ခံခြင်းအပေါ် ကြိုဆိုကြောင်း ၎င်းက ပြောသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံး၏ ဆိုင်းငံ့မှုမရှိပါက လာမည့် သီတင်းပတ်တွင် လွှတ်တော်၌ ဝန်ကြီးချုပ် ရာထူးအတွက် မဲပေးရွေးချယ်မည်ဖြစ်ကြောင်း၊ ဖြူးထိုင်းသည် ဆရတ်သာ သာဗင်စင် (Srettha Thavisin) ကို ဝန်ကြီးချုပ်အဖြစ် အမည်စာရင်း တင်သွင်းမည် ဖြစ်သည်။

"အခြေအနေတွေက မျှော်မှန်းထားသလို ဖြစ်လာမယ်ဆိုရင် အောက်တိုဘာလထဲမှာ အစိုးရသစ် ဖွဲ့စည်းနိုင်မှာ ပါ"ဟု ဖွမ်သမ်က ပြောကြားခဲ့သည်။

Source: The Nation