CNI International News

မော်စကို၊ စက်တင်ဘာ ၁၇

မြန်မာနိုင်ငံသည် BRICS အဖွဲ့တွင် လေ့လာသူနိုင်ငံ (observer country) အဖြစ် ပါဝင်လိုကြောင်း မြန်မာနိုင်ငံ၏ ပြန်ကြားရေးဝန်ကြီး ဦးမောင်မောင်အုန်းက BRICS မီဒီယာညီလာခံ၌ တာ့စ်သတင်းဌာနနှင့် သီးသန့်တွေ့ဆုံချိန် ပြောကြားခဲ့သည်။

"ကျနော်တို့ဟာ အလုံးစုံ အဖွဲ့ဝင်နိုင်ငံမဟုတ်ဘဲ လေ့လာသူနိုင်ငံအဖြစ် ပါဝင်ပြီး ပူးပေါင်းဆောင်ရွက်ချင်ပါတယ်" ဟု ၎င်းက ပြောကြားခဲ့သည်။

"အနာဂတ်မှာတော့ ကျနော်တို့ဟာ အလုံးစုံအဖွဲ့ဝင်နိုင်ငံအဖြစ် လျှောက်ထားသွားမှာပါ။ ကျနော်တို့ အရှေ့တောင် အာရှဒေသမှာ နိုင်ငံအများစုက BRICS အဖွဲ့ဝင်ဖြစ်ဖို့ လျှောက်ထားခဲ့ကြပြီးပါပြီ။ ကျနော်တို့လည်း လျှောက်ထား ချင်ပါတယ်" ဟု ၎င်းက ပြောကြားခဲ့သည်။

သတ္တမအကြိမ်မြောက် BRICS မီဒီယာညီလာခံကို မော်စကို (Moscow) မြို့တော်တွင် စက်တင်ဘာ ၁၃ ရက်မှ ၁၇ ရက်အတွင်း ပြုလုပ်လျက်ရှိပြီး နိုင်ငံပေါင်း ၄၅ နိုင်ငံမှ မီဒီယာ ၆၀ ကျော်၏ အကြီးအကဲများ၊ ထိပ်သီးပညာရှင်များ တက်ရောက်ခဲ့သည်။

 BRICS ကို သရုပ်ဖော်ထားစဉ်

ထိုညီလာခံကို ရုရှားနိုင်ငံပိုင်  တာ့စ်သတင်းအေဂျင်စီက စက်တင်ဘာ ၁ ရက်တွင် ကျရောက်ခဲ့သည့် သတင်း အေဂျင်စီ ထူထောင်သော နှစ်ပေါင်း ၁၂၀ ပြည့် အထိမ်းအမှတ်အဖြစ် လက်ခံကျင်းပခဲ့ခြင်းဖြစ်သည်။

ပထမဆုံးအကြိမ်အဖြစ် မီဒီယာညီလာခံကို BRICS အဖွဲ့ဝင်နိုင်ငံများမှ မီဒီယာများ ဦးဆောင်သည့် အစိုးရမဟုတ်၊ စီးပွားဖြစ် မဟုတ်သည့် ပလက်ဖောင်းတစ်ခုဖြစ်သော BRICS မီဒီယာဖိုရမ်၏ ပုံစံသစ်အဖြစ် ကျင်းပခဲ့ခြင်းဖြစ် သည်။

BRICS မီဒီယာဖိုရမ်ကို တရုတ်၏ ဆင်ဟွာ သတင်းအေဂျင်စီ၏ အစီအစဉ်ဖြင့် ၂၀၁၅ ခုနှစ်တွင် စတင် ထူထောင်ခဲ့ ခြင်းဖြစ်ပြီး BRICS အဖွဲ့၏ အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူသည့် နိုင်ငံများ၌ နှစ်စဉ်နှစ်တိုင်း ပြုလုပ်ခဲ့သည်။

ရုရှားသည် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်တွင် BRICS အဖွဲ့၏ အလှည့်ကျဥက္ကဋ္ဌ ဖြစ်လာခဲ့ပြီး ရုရှား၌ ပြုလုပ်သည့် BRICS ပွဲ အခမ်းအနားများအားလုံးကို Roscongress ဖောင်ဒေးရှင်းက စီစဉ်ကျင်းပခဲ့သည်။

Source: တာ့စ်