CNI International News
တိုကျို၊ မေလ ၂၈
ယခုနှစ် ပထမလေးလတာ ကာလအတွင်း ဂျပန်နိုင်ငံသို့ ပြည်ပခရီးသွား ဝင်ရောက်မှု မြင့်တက်ခဲ့ပြီး ခရီးသွားအရေအတွက် စုစုပေါင်း ၁၄ ဒသမ ၄၅ သန်းအထိ ရှိခဲ့သည်ဟု The Nation မှ ဖော်ပြခဲ့သည်။
ဂျပန်သို့ လာရောက်သည့် တောင်ကိုရီးယား ခရီးသွား အရေအတွက်သည် ၃ ဒသမ ၂၂ သန်းဖြင့် ပထမနေရာတွင် ရှိနေခဲ့ပြီး တရုတ်ခရီးသွား အရေအတွက်သည် ၃ ဒသမ ၁၃ သန်းရှိခဲ့ကာ ဒုတိယနေရာတွင် ရှိခဲ့သည်။
ထိုင်းနိုင်ငံသားများကမူ ပုံမှန်အနေအထားဖြစ်ပြီး ဂျပန်သို့ သွားရောက်သည့် ထိုင်းခရီးသွား ၅၂၀,၀၀၀ ရှိခဲ့သည်။
ဂျပန်အမျိုးသားခရီးသွားလာရေးအဖွဲ့ (JNTO) ၏ ထုတ်ပြန်ချက်တွင် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှ ဧပြီလအတွင်း ဂျပန်သို့ ဝင်ရောက်သည့် ပြည်ပခရီးသွား အရေအတွက် ၁၄,၄၄၆,၆၀၀(၁၄ သန်းကျော်)ဦးရှိခဲ့သည်။
ထိုပမာဏသည် ပြီးခဲ့သည့်နှစ် ကာလတူနှင့် နှိုင်းယှဉ်လျှင် ၂၄ ဒသမ ၅ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။
ဂျပန်နိုင်ငံအတွင်း တစ်နေရာကိုတွေ့ရစဉ်
ဧပြီ တစ်လတည်းမှာပင် ပြည်ပခရီးသွား ၃,၉၀၈,၉၀၀(၃ သန်းကျော်)ဦး ရောက်ရှိခဲ့ပြီး ပြီးခဲ့သည့်နှစ် ဧပြီလကထက် ပြည်ပခရီးသွား ဝင်ရောက်မှုနှုန်း ၂၈ ဒသမ ၅ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။
ဂျပန်သို့ အများဆုံး လာရောက်သည့် ပြည်ပနိုင်ငံ ၁၀ နိုင်ငံစာရင်းတွင် တောင်ကိုရီးယား၊ တရုတ်၊ ထိုင်ဝမ်၊ အမေရိကန်၊ ဟောင်ကောင်၊ ထိုင်း၊ ဩစတြေးလျ၊ ဖိလစ်ပိုင်၊ ဗီယက်နမ်နှင့် မလေးရှားနိုင်ငံတို့ ဖြစ်သည်။
ဧပြီလသည် ဂျပန်တွင် ချယ်ရီပန်းများပွင့်သည့် ပွဲတော်ကာလ ဖြစ်သဖြင့် ဧပြီလအတွင်း ဂျပန်သို့ အများဆုံး ဝင်ရောက်သည့် ပြည်ပခရီးသွားများသည် တရုတ်နိုင်ငံသားများဖြစ်ကာ တောင်ကိုရီးယားခရီးသွားများက ဒုတိယအများဆုံးဖြစ်ကြောင်း JNTO က ထုတ်ပြန်ခဲ့သည်။
ဥရောပနှင့်အမေရိကန် ခရီးသွားများသည်လည်း ဂျပန်သို့ လာရောက်မှု များပြားခဲ့ပြီး အမေရိကန်သည် ဂျပန်သို့ ဝင်ရောက်သည့် ထိပ်သီး ၅ နိုင်ငံ စာရင်းတွင် ပါဝင်ခဲ့ကာ ကနေဒါနှင့် ဗြိတိန်တို့သည်လည်း ဧပြီလအတွင်း ဂျပန်သို့ ဝင်ရောက်သည့် ထိပ်သီး ၁၀ နိုင်ငံစာရင်းတွင် ပါဝင်ခဲ့သည်။
Source: The Nation