CNI International News

ပဲရစ်၊ နိုဝင်ဘာ ၂၈

ပြင်သစ်သမ္မတ မက်ခရွန် (Emmanuel Macron) သည် နိုဝင်ဘာ ၂၇ ရက်က အမျိုးသားစစ်မှုထမ်း အစီအစဉ်သစ် တစ်ခုကို ထုတ်ပြန်ခဲ့သည်ဟု အေပီမှ ဖော်ပြခဲ့သည်။

ယူကရိန်း-ရုရှား စစ်ပွဲကြောင့် ဥရောပနိုင်ငံများအပေါ် ရုရှား၏ ခြိမ်းခြောက်မှုနှင့်ပတ်သက်ပြီး မြင့်တက်လာသည့် စိုးရိမ်မှုများအား လျှော့ချပေးရန်အတွက် ပြင်သစ်က စစ်တပ်အင်အားကို မြှင့်တင်ရန် ကြိုးပမ်းနေချိန်တွင် မက်ခရွန်၏ စစ်မှုထမ်း အစီအစဉ်သစ် ထွက်ပေါ်လာခြင်းဖြစ်သည်။

မိမိသဘောဆန္ဒအလျောက် စစ်မှုထမ်းမည့် အသက် ၁၈ နှစ်မှ ၁၉ နှစ်အရွယ် ဆယ်ကျော်သက် လူငယ်များသည် လာမည့်နှစ်မှစပြီး စစ်မှုထမ်း အစီအစဉ်အသစ်ဖြင့် ၁၀ လကြာ စစ်မှုထမ်းရမည်ဖြစ်ကြောင်း မက်ခရွန်က ကြေညာ ခဲ့သည်။

“အမျိုးသားစစ်မှုထမ်း အစီအစဉ်သစ်ကို လာမယ့်နှစ် နွေရာသီကစပြီး တစ်ဆင့်ချင်းစီ အကောင်အထည် သွားမှာ ပါ” ဟု မက်ခရွန်က ပြင်သစ် အဲလ်ပ်တောင်တန်းဒေသတွင်ရှိသည့် စစ်စခန်းတစ်ခုတွင် မိန့်ခွန်းပြောကြားခဲ့သည်။

လူငယ် ဗော်လန်တီယာ စစ်မှုထမ်းများသည် ပြင်သစ်၏ ပင်မကုန်းမြေနှင့် ပြည်ပရှိ ပြင်သစ်၏ ပိုင်နက် နယ်နိမိတ် များတွင် တာဝန်ထမ်းဆောင် ရမည်ဖြစ်ပြီး ပြည်ပနိုင်ငံများတွင်မူ တာဝန်ထမ်းဆောင်ရမည် မဟုတ်ကြောင်း မက်ခရွန်က ပြောကြားခဲ့သည်။

ပြင်သစ်သမ္မတ မက်ခရွန် မိန့်ခွန်းပြောနေစဉ် 

ယခုနှစ် အစောပိုင်းတွင် မက်ခရွန်က ပြင်သစ် လူငယ်များအတွက် မိမိသဘော ဆန္ဒအလျောက် စစ်မှုထမ်းဆောင် နိုင်မည့် အစီအစဉ်ကို ရည်ရွယ်ထားကြောင်း ကြေညာခဲ့သည်။

ပြင်သစ်တွင် ၁၉၉၆ ခုနှစ်က စစ်မှု မထမ်းမနေရ ဥပဒေကို အဆုံးသတ်ခဲ့ပြီး လက်ရှိတွင် ထိုဥပဒေကို ပြန်လည် ကျင့်သုံးရန် စဉ်းစားမည် မဟုတ်ကြောင်း မက်ခရွန်က ပြောသည်။

ထို့ပြင် မက်ခရွန်က လာမည့် ၂ နှစ်အတွင်း ထပ်တိုး စစ်အသုံးစရိတ်ကို ယူရို ၆ ဒသမ ၅ ဘီလျံ (ဒေါ်လာ ၇ ဒသမ ၆ ဘီလျံ) သုံးစွဲသွားမည်ဟုလည်း ကြေညာခဲ့သည်။

ပြင်သစ်သည် ၂၀၂၇ ခုနှစ်တွင် နှစ်စဉ် ကာကွယ်ရေး အသုံးစရိတ်ကို ၅၄ ဘီလျံ အသုံးပြုရန် ရည်ရွယ်ထားပြီး ထိုပမာဏသည် ၂၀၁၇ ခုနှစ်ကထက် ကာကွယ်ရေး အသုံးစရိတ် ၂ ဆ မြင့်တက် လာလိမ့်မည်ဖြစ်ကြောင်း မက်ခရွန်က ပြောကြားခဲ့သည်။

Source: အေပီ