CNI International News
ကိယက်ဗ်၊ ဒီဇင်ဘာ ၂၂
အသက် ၂၅ နှစ်မှ ၆၀ အရွယ်ကြားတွင်ရှိသည့် ပြည်ပရောက် ယူကရိန်းအမျိုးသားများအနေဖြင့် စစ်တပ်ထဲတွင် ပြန်လည် စစ်မှုထမ်းဆောင်ရန် တိုက်တွန်းသွားမည်ဟု ယူကရိန်းကာကွယ်ရေးဝန်ကြီး ရုစ်စ်တမ် အူမာရော့ဗ် ( Rustem Umerov ) က ပြောကြားခဲ့သည်ဟု ဘီဘီစီ အင်္ဂလိပ်ပိုင်းမှ ဖော်ပြခဲ့သည်။
ထိုတိုက်တွန်းချက်သည် ဖိတ်ကြားချက် တစ်ခုသာဖြစ်ကြောင်း၊ သို့သော် လိုက်နာခြင်းမရှိသည့် မည်သူ့ကိုမဆို ပိတ်ဆို့မှုများ ချမှတ်သွားမည်ဖြစ်ကြောင်း အူမာနော့ဗ်က ပြောသည်။
မည်သို့ပင်ဆိုစေ ယူကရိန်း ကာကွယ်ရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူကမူ ထိုကြေညာချက်ကို ငြင်းဆိုခဲ့ပြီး စဉ်းစားသုံးသပ်မှုများ ပြုလုပ်မည်ဖြစ်ကြောင်း ထပ်မံထုတ်ပြန်ခဲ့သည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ယူကရိန်းစစ်တပ်သည် တပ်သားသစ် ၄၅၀,၀၀၀ မှ ၅၀၀,၀၀၀ အထိ ထပ်မံ စုဆောင်းရန် အဆိုပြုခဲ့ပြီး ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇာလန်းစကီး(Volodymyr Zelensky) က စစ်တပ်၏ အဆိုပြုချက်ကို စဉ်းစားမည်ဟု ပြောကြားခဲ့ပြီးနောက်ပိုင်း ယခုသတင်း ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။
စစ်မှုထမ်းရန် လေ့ကျင့်နေတဲ့ ယူကရိန်းအမျိုးသားတွေကို တွေ့ရစဉ်
အမေရိကန်တွင် ရီပတ်ဘလစ်ကန်အမတ်များက ယူကရိန်းအား ဒေါ်လာ ၆၁ ဘီလျံ ထောက်ပံ့ပေးမည့် အစီအစဉ် ကို ပိတ်ဆို့ထားခြင်းနှင့် ဥရောပသမဂ္ဂ၌ ယူကရိန်းအား ယူရို ၅၀ ဘီလျံ ထောက်ပံ့ပေးမည့် အစီအစဉ်ကို ဟန်ဂေရီ က ပိတ်ပင်ခြင်းတို့ ကြုံတွေ့နေချိန်မှာပဲ ယူကရိန်းစစ်တပ်က မကြုံစဖူး တပ်သားသစ်များ စုဆောင်းသည့် သတင်းများ ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။
ဇာလန်းစကီးကမူ စစ်တပ်၏ တပ်သားသစ် စုဆောင်းမည့် အဆိုပြုချက်သည် အလွန်ထိလွယ်ရှလွယ်ရှိသည့် အရေးကိစ္စဖြစ်သဖြင့် ထိုအဆိုပြုချက်ကို လွှတ်တော်သို့ မတင်သွင်းမီ စစ်တပ်နှင့် အစိုးရအဖွဲ့အကြား ဆွေးနွေး မှုများ ပြုလုပ်သွားမည်ဟု ပြောကြားခဲ့သည်။
ရုရှား၏ ကျူးကျော်စစ်ကာလ အစောပိုင်းက ယူကရိန်းတွင် မိမိသဘော ဆန္ဒအလျောက် စစ်ထဲဝင် တိုက်ခိုက် ခဲ့သူများ ရှိခဲ့သော်လည်း လက်ရှိတွင် ရှေ့တန်းသို့ ပို့ထားသည့် စစ်သားများ၏နေရာတွင် စစ်သားအင်အား အစားထိုးဖြည့်ဆည်းရန် နောက်တန်း၌ တပ်သားသစ်များ စုဆောင်းလျက်ရှိသည်။
စစ်ပွဲ စတင်ဖြစ်ပွားခဲ့ချိန်ကတည်းက ယခုအချိန်အထိ ရုရှားနှင့်် ယူကရိန်းသည် ၎င်းတို့ဘက်မှ ထိခိုက်ကျဆုံးသည့် စစ်သား အရေအတွက်ကို ထုတ်ပြန်ခဲ့ခြင်း မရှိသော်လည်း နှစ်ဘက်စလုံးတွင် ထိခိုက်သေဆုံးသူ အရေအတွက် ထောင်၊ သောင်းချီ ရှိနိုင်ကြောင်း အမေရိကန်အရာရှိများက ခန့်မှန်းထားသည်။
Source: BBC