CNI News

၂၀၂၅ခုနှစ်၊ နိုဝင်ဘာ ၂၆

ရွေးကောက်ပွဲအပြီး ပေါ်ပေါက်လာမည့် အစိုးရသစ် တစ်ရပ်အနေဖြင့် ပျော့ပြောင်းညင်သာ ပြတ်သားရန် လိုအပ်သည်ဟု တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ(TNDP)မှ ဥက္ကဋ္ဌ စိုင်းဋ္ဌေးအောင်က CNI သတင်းဌာနသို့ ပြောသည်။

မြန်မာနိုင်ငံတွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်၌ ရွေးကောက်ပွဲ အပိုင်း(၁)ကိုလည်းကောင်း၊ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်မှာ ရွေးကောက်ပွဲ အပိုင်း(၂)ကိုလည်းကောင်း၊ ဇန်နဝါရီလ နောက်ဆုံးပတ်တွင် ရွေးကောက်ပွဲ အပိုင်း(၃) ကိုလည်းကောင်း ကျင်းပမည်ဖြစ်သည်။

ထို့နောက် ရွေးကောက်ပွဲ အနိုင်ရရှိသည့် ပါတီအား နိုင်ငံတော်အာဏာလွှဲပြောင်းပေးမည်ဖြစ်ပြီး တပ်မတော်က ကာကွယ်ရေး တာဝန်ကိုသာ ယူမည်ဟု နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူး ကြီးမင်းအောင်လှိုင်က ပြောသည်။

ပြည်သူများအနေဖြင့် ရွေးကောက်ပွဲအလွန် ပေါ်ပေါက်လာမည့် အစိုးရသစ်တစ်ရပ်ကို နိုင်ငံအကျိုးအတွက် များစွာ မျှော်လင့်၍ ရနိုင်ကြောင်း၊ ပေါ်ထွန်းလာမည့် အရပ်သားအစိုးရသည် ပျော့ပြောင်းညင်သာ ပြတ်သားရန် လိုအပ် သည်ဟု တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ(TNDP)မှဥက္ကဋ္ဌ စိုင်းဋ္ဌေးအောင်က CNI သတင်းဌာနသို့ ပြောသည်။ 

နိုင်ငံရေးပါတီများ တွေ့ဆုံကြစဉ်

၎င်းက“အဲ့တာကတော့ ပြည်သူလူထု အများကြီး မျှော်လင့်လို့ ရပါတယ်ဗျ။ ဘာကြောင့်လို့လဲဆိုတော့ ဒီအခြေအနေ ထက်ကို အကောင်းဆုံး ဖြစ်အောင်တော့ ဒီအစိုးရမှာ တာဝန်ရှိတယ်၊ ဘာကြောင့်မို့ သူ့ကို တာဝန်ရှိတယ်လို့ ပြော ရတာက အခုက ရွေးကောက်ပွဲအလွန်မှာ ပေါ်ပေါက်လာမယ့် အစိုးရဆိုတဲ့ဟာက ပြည်သူလူထုက ရွေးချယ် တင်မြှောက်လိုက်တဲ့ အစိုးရဖြစ်တယ်။ ပြည်သူ့ရဲ့ တာဝန်တွေကို အားကျိုးမာန်တက် ထမ်းဆောင်ရမယ့် နေရာ၊ ထမ်းဆောင်ရမယ့် အခါကျတော့လည်း နိုင်ငံနဲ့ပြည်သူကို ချစ်မြတ်နိုးစိတ်နဲ့ ထမ်းဆောင်စေလိုတာ‌ပေါ့။ ဒါပေမယ့် အစိုးရမှာလည်း ဘယ်လို ပြောမလဲဆိုတဲ့ခါကျတော့ သူရင်ဆိုင်ရမယ့် အခက်အခဲ ကြီးကြီးမားမား ရှိပါတယ်။ ပြန်လည် တည် ဆောက်ရေး အများကြီး လုပ်သွားလိမ့်မယ်။ ပြန်လည် တည်ဆောက်ရေးက ရုပ်ဝတ္ထုပိုင်းရော၊ စိတ်ဝတ္ထုပိုင်းရော၊ လုပ်ရမှာလေ။ အဲ့ခါကျတော့ ဒီ အစိုးရမှာ ဘာလိုအပ်လဲဆိုတော့ အဓိကက ပျော့ပြောင်းညင်သာရမယ် ပြတ်သားရမယ်၊ ဘယ်ကိစ္စ လုပ်မယ်ဆို လုပ်မယ်၊ နိုင်ငံနှင့် ပြည်သူ့မျက်နှာကြည့်ပြီးမှ ဒီကိစ္စ အပြတ်ဖြတ်မယ်ဆို ဖြတ်နိုင်တဲ့ ရဲစွမ်း သတ္တိလည်း ရှိရမှာပေါ့။ ဒီထွက်ပေါ်လာမယ့် အစိုးရက ဒါမှသာ  နိုင်ငံအတွက်ကို တည်ငြိမ်အေးချမ်းပြီးမှ ဖွံ့ဖြိုးရေး တည်ဆောက်နိုင်မယ်လို့ ကျနော့် အနေနဲ့ မြင်တာ‌ပေါ့” ဟု ပြောသည်။ 

ရွေးကောက်ပွဲအလွန် ပေါ်ပေါက်လာမည့် အရပ်သားအစိုးရသည် အုပ်ချုပ်ရေးယန္တရားကို အာဏာသက်ရောက် အောင် မဖော်ဆောင်နိုင်ပါက တပ်မတော်ကို တဖန်ပြန်လည် အားကိုးရမည့် အခြေအနေသို့ ရောက်ရှိနိုင်ကြောင်း နိုင်ငံရေးလေ့လာစောင့်ကြည့်သူများက ထောက်ပြသည်။ 

ရွေးကောက်ပွဲအလွန် ပေါ်ပေါက်လာမည့် အစိုးရအနေဖြင့် လက်ရှိ ဖြစ်ပေါ်နေသည့် နိုင်ငံ့အကျပ်အတည်းထက် ပိုမို ကျပ်တည်းသည့် အခက်အခဲမျိုး ရင်ဆိုင်လာရနိုင်ခြေ မရှိနိုင်ဘူးဟု ဦးစိုင်းဋ္ဌေးအောင်က ပြောသည်။ 

 နိုင်ငံရေးပါတီ ခေါင်းဆောင်များကို တွေ့ရစဉ်

၎င်းက “အခုတက်လာမယ့် အစိုးရက ဒီထက်ပိုကျပ်တည်းတဲ့ အခြေအနေကတော့ ရင်မဆိုင်ရဘူးလို့ ကျနော် မြင်ပါတယ်၊ ဘာကြောင့်လဲဆို တစ်ဖက်မှာ NUG ကလည်း ပြိုကွဲနေပြီကို ယနေ့အချိန်မှာ။ နောက်ပြီးတော့လည်း နိုင်ငံကြီးကို စစ်ရေးနဲ့ပြောင်းလဲမှာပဲဆိုတဲ့ ခံယူထားတဲ့ PDF တွေကလည်း စိတ်ဓာတ်ကျနေကြပြီ။ စိတ်ဓာတ်ကျ နေကြပြီဆိုတော့ ဒီအစိုးရကတော့ ဒီထက်ပိုပြီးမှ ကျပ်တည်းတဲ့ အခက်အခဲကိုတော့ သူရင်ဆိုင်ရတော့မယ် မထင်ဘူး”ဟု ပြောသည်။ 

‌ပြည်သူများအနေဖြင့် ရွေးကောက်ပွဲပြီးနောက် အစိုးရသစ်တစ်ရပ်အား မျှော်လင့်ချက် ကြီးကြီးမားမား ထားရန် လွန်စွာခက်ခဲသည်ဟု 7 EAO Alliance ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစောကျော်ညွန့်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “မျှော်လင့်ချက် ကြီးကြီးမားမားတော့ ကျနော့် စိတ်ထင်တော့ အရမ်းကို ခက်ခဲလိမ့်မယ် ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ အခုလုပ်မယ့် ရွေးကောက်ပွဲက ကျနော်တို့နိုင်ငံရဲ့ တစ်ခါမှ မကြုံဖူးတဲ့ သာမန် အခြေအနေ မဟုတ်တဲ့ နိုင်ငံရေးကျတဲ့ အခြေအနေတစ်ခုမှာ ကျင်းပတာဖြစ်တဲ့ အတွက်ကြောင့်မို့လို့ အဲဒီကနေ ထွက်ပေါ်လာမယ့် အခင်းအကျင်းပဲပြောပြော။ ရလဒ်ပဲပြောပြော ကျနော်တို့ ခုနက ပြောသလိုမျိုး ပြည်သူလူထု ဒီ လိုလား တောင့်တနေတဲ့ ငြိမ်းချမ်း‌ရေးတို့ စသည်ဖြင့်ပေါ့လေ။ ဒီမိုကရေစီအ‌‌ရေးတို့ နောက်ပြီးတော့ ဖက်ဒရယ် အရေးတို့ စသည်ဖြင့် အဲ့တာတွေကို ရောက်သွားဖို့က‌တော့ တမဟုတ်ချင်း ဖြစ်လာမှာ မဟုတ်ပါဘူး။ တမဟုတ် ချင်း မဖြစ်ပေါ်လာနိုင်သည့် တိုင်အောင်တောင်မှ ကျနော်တို့အနေနဲ့ နိုင်ငံတကာတွေရဲ့  ပူးပေါင်း တိုက်တွန်းမှုနဲ့ အဲ့လိုမျိုးတွေနဲ့ပဲ လမ်းစတွေဘာတွေ တစ်ခုခုတော့ ဒါ မရှိမဲ့ ရှိမဲ့ အခြေအနေကြားမှာ မျှော်လင့်ချက်ရှိတဲ့ လူလည်း ရှိပါတယ်” ဟု ပြောသည်။ 

မြန်မာနိုင်ငံတွင် ကျင်းပမည့် ရွေးကောက်ပွဲသည် နိုင်ငံ၏ အလှည့်အပြောင်းကို ဖြစ်စေမည်ဖြစ်ကြောင်း၊ ဒို့တာဝန် အရေးသုံးပါးကို ကာကွယ်စောင့်ရှောက်သူများကို ရွေးချယ်ကြရန်လိုအပ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် က ပြောသည်။