CNI News

၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၆

အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ) တိုင်းမှူးအဖြစ် ဗိုလ်ချုပ်ကျော်သူရကို တာဝန်ပေး ခန့်အပ်လိုက် ကြောင်း နေပြည်တော်စစ်ရုံးနှင့် နီးစပ်သူများထံမှ သိရသည်။

နမခတိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွေးသည် အဂတိမှုနှင့် စစ်ဆင်ရေး မအောင်မြင်မှုများကြောင့် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ လ တတိယပတ်အတွင်းက ဖမ်းဆီး စစ်ဆေးခံနေရခြင်းဖြစ်သည်။

ထို့နောက် နမခတိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွေးကို တာဝန်မှ အနား‌ပေးလိုက်ပြီး ဗိုလ်ချုပ်ကျော်သူရအား နမခ တိုင်းမှူးအဖြစ် တာဝန်ပေး ခန့်အပ်လိုက်ခြင်းဖြစ်သည်ဟု နေပြည်တော်စစ်ရုံးရှိ သတင်းရင်းမြစ်များက ပြော သည်။

လက်ရှိတွင် ဗိုလ်ချုပ်ကျော်သူရသည် နမခစစ်တိုင်းဌာနချုပ် မုံရွာမြို့သို့ ရောက်ရှိကာ တာဝန်ထမ်းဆောင်နေပြီ ဖြစ်သည်။

ဗိုလ်ချုပ်ကျော်သူရသည် အပတ်စဉ် ၃၉ ကဖြစ်ပြီး ဥစတ ကျောင်းအုပ်ကြီးတာဝန်ကနေ နမခတိုင်းမှူးအဖြစ် ပြောင်းလဲ တာဝန်ထမ်းဆောင်ခြင်းဖြစ်သည်။

အနားပေးခံလိုက်ရသော ဗိုလ်မှူးချုပ်မျိုးမင်းထွေးသည် အလုပ်သင် ဗိုလ်သင်တန်း (တေဇ- ၂၆)မှ ဖြစ်ပြီး တပ်မ ၁၁၊ လောက်ကိုင်ဒေသ ကွပ်ကဲမှုစစ်ဌာနချုပ်၊ ကျောက်မဲ အမှတ်(၁)စစ်ဆင်ရေးကွပ်ကဲမှု စစ်ဌာနချုပ်တို့တွင် တပ်မမှူး တာဝန်ယူခဲ့သူ ဖြစ်သည်။

 အနားပေးခံရတဲ့ နမခတိုင်းမှူး ဗိုလ်မှူးချုပ်မျိုးမင်းထွေးကို တွေ့ရစဉ်

လားရှိုးမြို့ အခြေစိုက် အရှေ့ မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)ကို ကိုးကန့်တပ်ဖွဲ့(MNDAA)နှင့် မဟာမိတ်တပ်ဖွဲ့က သိမ်းပိုက်လိုက်စဉ် ၂၀၂၄ ခုနှစ်၊ ဩဂုတ် ၃ ရက်မှာ တိုင်းမှူး ဗိုလ်ချုပ်စိုးတင့်၊ တိုင်းစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် သန့်ထင်စိုးနှင့်အတူ ဗိုလ်မှူးချုပ် မျိုးမင်းထွေးသည် လက်နက်ချခဲ့သူ ဖြစ်သည်။

ထို့နောက် ကိုးကန့်တပ်ဖွဲ့နှင့် မြန်မာ့တပ်မတော်ကြား ဆွေးနွေးညှိနှိုင်းမှုဖြင့် ပြန်လည် လွတ်မြောက်လာသော ဗိုလ်မှူးချုပ် မျိုးမင်းထွေးကို ကက(ကြည်း)က အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ) တိုင်းမှူးအဖြစ် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်တွင် ခန့်အပ်ခဲ့ခြင်း ဖြစ်သည်။

နမခ စစ်တိုင်းသည် စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် မကွေးတိုင်းဒေသကြီးမှ ဒေသတချို့တို့ကို ကိုင်တွယ်ရခြင်းဖြစ်သည်။

အဆိုပါ စစ်တိုင်းသည် လက်နက်ကိုင် ပဋိပက္ခပြင်းထန်လျက်ရှိပြီး စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာ လက်နက်ကိုင်ပေါင်းစုံ အခြေပြုလှုပ်ရှားလျက်ရှိသည်။