CNI International News
ဝါရှင်တန်၊ မတ်လ ၁၆
ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) ကို ဆက်ပြီး ဖွင့်လှစ်ထားနိုင်ရန်အတွက် နိုင်ငံအများအပြားက စစ်သင်္ဘောများ စေလွှတ်သွားလိမ့်မည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump)က ပြောကြားခဲ့ သည်ဟု အယ်လ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။
အမေရိကန်၊ အစ္စရေးနှင့် အီရန်ကြား ဖြစ်ပွားနေသော စစ်ပွဲသည် ၁၅ ရက်မြောက်နေ့သို့ ရောက်ရှိလာပြီဖြစ်ပြီး ကမ္ဘာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ တင်ပို့မှု စုစုပေါင်း၏ ၅ ပုံ ၁ ပုံခန့်ကို သယ်ယူပို့ဆောင်နေသည့် ဟော်မုဇ်ရေလက် ကြားသည် လက်ရှိတွင် ပိတ်ဆို့ခံထားရသည်။
အီရန်၏ ဟော်မုဇ်ရေလက်ကြား ပိတ်ဆို့မှုကြောင့် ထိခိုက်နစ်နာရသည့် နိုင်ငံများသည် ထိုရေလက်ကြားကို ဘေးကင်းလုံခြုံစွာ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် အမေရိကန်နှင့်အတူ ပူးပေါင်းကာ စစ်သင်္ဘောများ စေလွှတ် ကြလိမ့်မည်ဟု ထရမ့်က ၎င်း၏ Truth Social လူမှုကွန်ရက်စာမျက်နှာ၌ ရေးသားခဲ့သည်။
တရုတ်၊ ပြင်သစ်၊ ဂျပန်၊ တောင်ကိုရီးယားနှင့် ဗြိတိန်နိုင်ငံတို့ အနေဖြင့် ပူးပေါင်း ပါဝင်လာရန် မျှော်လင့်ကြောင်း လည်း ထရမ့်က ပြောကြားခဲ့သည်။
ထို့ပြင် အီရန်၏ စစ်ရေး စွမ်းဆောင်ရည်များကို ၁၀၀ ရာခိုင်နှုန်းကို ဖျက်ဆီးနိုင်ခဲ့သော်လည်း အီရန်သည် ဟော်မုဇ် ရေလက်ကြားတွင် ဒရုန်းများ၊ ရေမြှုပ်မိုင်းများ၊ ဒုံးကျည်များဖြင့် တိုက်ခိုက်နိုင်စွမ်း ရှိသေးကြောင်းလည်း ထရမ့်က ပြောသည်။

ဟော်မုဇ်ရေလက်ကြား လမ်းညွှန်မြေပုံကို တွေ့ရစဉ်
ထိုအချိန်အတောအတွင်း အမေရိကန်က အီရန် ကမ်းရိုးတန်းဒေသ တစ်လျှောက်ကို ပြင်းထန်စွာ ဗုံးကြဲတိုက်ခိုက် သွားမည်ဖြစ်ပြီး အီရန်သင်္ဘောများကိုလည်း ဆက်တိုက် ပစ်ခတ်သွားမည်ဟု ၎င်းက ပြောကြားခဲ့သည်။
ထရမ့်၏ ပြောကြားချက်များကို အီရန်အစ္စလာမ်မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့(IRGC)၏ ရေတပ်ဦးစီးချုပ် အလီရီဇာ တန်စီရီ (Alireza Tangsiri) က တုန့်ပြန်ရာတွင် အီရန်သည် ဟော်မုဇ်ရေလက်ကြားအား စစ်ရေးအရ ပိတ်ဆို့ထားခြင်း မရှိသေးဘဲ ထိန်းချုပ်ထားရုံသာ ဖြစ်ကြောင်း ပြောကြားခဲ့သည်။
“အမေရိကန်တွေ အီရန်ရေတပ်ကို ဖျက်ဆီးနိုင်ပြီဆိုပြီး မမှန်မကန် ပြောဆိုခဲ့ကြတယ်။ အဲဒီနောက် ရေနံတင် သင်္ဘောတွေကို အစောင့်အရှောက်နဲ့ ပို့ဆောင်ပေးနေပြီဆိုပြီး ထပ်ပြီး လိမ်ညာခဲ့ကြပြန်တယ်။ အခုတော့ သူတို့ ဟာ တခြားသူတွေ ဆီကနေတောင် စစ်ကူတောင်းနေရပြီ”ဟု တန်စီရီက X လူမှုမီဒီယာတွင် ရေးသားခဲ့သည်။
အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အာရက်ချီ (Abbas Araghchi) ကလည်း ဟော်မုဇ်ရေလက်ကြားကို သင်္ဘော အားလုံးအတွက် ပိတ်ထားခြင်း မဟုတ်ဘဲ ရန်သူများနှင့် ၎င်းတို့ မဟာမိတ်များ၏ သင်္ဘောများနှင့် ရေနံတင် သင်္ဘောများ အတွက်သာ ပိတ်ထားခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
Source: အယ်လ်ဂျာဇီးယား
