CNI Sport News

၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၉

နေမာဟာ ဘရာဇီးလ်အသင်းက ဘိုလီးဗီးယားအသင်းကို အနိုင်ရခဲ့တဲ့ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ (တောင် အမေရိကဇုန်)ပွဲစဉ်မှာ ခြေစွမ်းပြ သွင်းဂိုးတွေ သွင်းယူပြီးနောက် ဘရာဇီးလ်ဂန္ထဝင် ပီလီရဲ့ ဂိုးသွင်းစံချိန်ကို ချိုးဖျက်ပြီး စံချိန်သစ် တင်နိုင်ခဲ့ပါတယ်။

ဘရာဇီးလ်အသင်းက ဘိုလီးဗီးယားအသင်းကို ၅ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ နေမာဟာ အသင်းအတွက် ၂ ဂိုး သွင်းယူနိုင်ခဲ့တာပါ။

နေမာဟာ ဒီပွဲစဉ်ရဲ့ ပထမပိုင်းမှာ ရရှိခဲ့တဲ့ ပင်နယ်တီကို လွဲချော်ခဲ့ပေမယ့် ဒုတိယပိုင်းမှာ အနိုင်ဂိုး ၂ ဂိုး သွင်းယူနိုင် ခဲ့တာ ဖြစ်ပါတယ်။ 

အဲ့ဒါကြောင့် နေမာဟာ ပီလီရဲ့ ဘရာဇီးလ် ဂိုးသွင်းစံချိန်ကို ၂ ဂိုးအသာနဲ့ ကျော်ဖြတ်ကာ ၇၉ ဂိုးနဲ့ နိုင်ငံရဲ့ ဂိုးသွင်း အများဆုံး ကစားသမားအဖြစ် စံချိန်သစ် တင်နိုင်ခဲ့တာပါ။

နေမာကို တွေ့ရစဉ်

ပီလီရဲ့ တရားဝင် ဆိုရှယ်မီဒီယာမှာ “ဘရာဇီးလ်ရဲ့ ဂိုးသွင်းဘုရင်ကို ကျော်ဖြတ်နိုင်ခဲ့တဲ့အတွက် နေမာကို ဂုဏ်ပြု ချင်ပါတယ်။ ဒီနေ့မှာ ပီလီက မင်းကို လက်ခုပ်တီးပြီး ချီးကျူးနေမှာပါ”လို့ ရေးသားခဲ့တာ ဖြစ်ပါတယ်။

ဘိုလီးဗီးယားအသင်းနဲ့ပွဲမှာ ဘရာဇီးလ်အသင်းအတွက် နောက်ထပ် သွင်းဂိုးတွေကို ရိုဒရီဂိုက ၂ ဂိုးနဲ့ ရာဖင်ဟာက ၁ ဂိုးသွင်းယူခဲ့တာပါ။ ရီးရယ်လ်အသင်း ကြယ်ပွင့်ကစားသမား ရိုဒရီဂိုက နေမာကို ဘရာဇီးလ်အသင်းရဲ့ ဂိုးသွင်း အများဆုံး ကစားသမားဖြစ်လာအောင် ကူညီပေးနိုင်ခဲ့တဲ့အတွက် ပျော်ရွှင်ကြောင်း ပြောခဲ့ပါတယ်။

ရိုဒရီဂိုက “တကယ်ကို ထူးခြားတဲ့နေ့ပါပဲ။ နေမာက ကျနော် လေးစားအားကျခဲ့ရတဲ့ သူတစ်ဦးပါ။ သူ့ကို ဂိုးသွင်း အများဆုံး ကစားသမားဖြစ်လာအောင် ကူညီပေးနိုင်ခဲ့တဲ့အတွက် ဒါဟာ ကျနော်တို့နဲ့အတူ ထာဝရရှိနေမှာပါ”လို့ ဘရာဇီးလ် TV Globo ကို ပြောခဲ့တာပါ။ 

ဘရာဇီးလ်အသင်းဟာ ဘိုလီးဗီးယားအသင်းကို အနိုင်ရခဲ့တာကြောင့် ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ (တောင် အမေရိကဇုန်)ကို ဦးဆောင်နေပြီး ဒုတိယမြောက် ပွဲစဉ်အဖြစ် ပီရူးအသင်းနဲ့ အဝေးကွင်းပွဲစဉ် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: Reuters