CNI Sport News

၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၉

ရုရှားတင်းနစ်သမား မက်ဗီဒက်ဗ်ဟာ အမေရိကန်အိုးပန်း ဆီမီးဖိုင်နယ်ပွဲစဉ်မှာ လက်ရှိချန်ပီယံ အယ်လ်ကာ ရတ်ဇ်ကို အနိုင်ရပြီး ဗိုလ်လုပွဲအဖြစ် ဆားဘီးယားတင်းနစ်သမား ဂျိုကိုဗစ်နဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

မက်ဗီဒက်ဗ်ဟာ ဆီမီးဖိုင်နယ်အဖြစ် ကစားခဲ့တဲ့ပွဲမှာ အယ်လ်ကာရတ်ဇ်ကို ၇-၆၊ ၆-၁၊ ၃-၆၊ ၆-၃ နဲ့ အနိုင်ရခဲ့ပြီး စပိန်တင်းနစ်သမားကို ဂျိုကိုဗစ်နဲ့ ပြန်ပြီး ယှဉ်ပြိုင်ခွင့် မရအောင် လုပ်နိုင်ခဲ့ပါတယ်။

ဂျိုကိုဗစ်ကတော့ အမေရိကန်တင်းနစ်သမား ဘန်ရှီလ်တန်ကို ၆-၃၊ ၆-၂၊ ၇-၆ နဲ့ အနိုင်ရပြီး စံချိန်တင် ဂရမ်းဆလမ်း ၂၄ ကြိမ်မြောက် ရယူနိုင်ဖို့အတွက် နီးစပ်သွားခဲ့တာ ဖြစ်ပါတယ်။ 

ဂျိုကိုဗစ်နဲ့ မက်ဗီဒက်ဗ်တို့ဟာ ၂၀၂၁ ခုနှစ် အမေရိကန်အိုးပန်း ဗိုလ်လုပွဲမှာ တွေ့ဆုံခဲ့ပြီး ရုရှားတင်းနစ်သမားက အနိုင်ရရှိခဲ့တာပါ။

ဂျိုကိုဗစ်ကို တွေ့ရစဉ်

ပြီးခဲ့တဲ့နှစ်က ပြိုင်ပွဲမှာ ကိုဗစ်ကာကွယ်ဆေး မထိုးလို့ ဝင်ရောက်ယှဉ်ပြိုင်ခွင့် မရခဲ့တဲ့ ဂျိုကိုဗစ်ဟာ အခုနှစ် ပြိုင်ပွဲ မှာတော့ အမေရိကန်အိုးပန်း ချန်ပီယံဆုကို ၄ ကြိမ်မြောက် ရယူနိုင်ဖို့ ပစ်မှတ်ထားနေတာ ဖြစ်ပါတယ်။ 

မက်ဗီဒက်ဗ်တော့ ဂျိုကိုဗစ်ကို အနိုင်ရယူချင်တယ်ဆိုရင် ကိုယ့်ကိုယ်ကို အကောင်းဆုံးပုံစံဖြစ်အောင် လုပ်ဆောင် ရမယ်လို့ ပြောခဲ့ပါတယ်။

မက်ဗီဒက်ဗ်က “ဂျိုကိုဗစ်ဟာ အရင်ကစားခဲ့တဲ့ အချိန်တွေထက် အမြဲတမ်း ပိုပြီးကောင်းပါတယ်။ သူ့ကို ကျနော် ပြီးခဲ့တဲ့ အမေရိကန်အိုးပန်းမှာ အနိုင်ရခဲ့ပေမယ့် သူက ကျနော့်ကို ပဲရစ်မာစတာပြိုင်ပွဲမှာပြန်ပြီး အနိုင်ယူခဲ့ပါ တယ်။ ဂျိုကိုဗစ်ဟာ ဒီနေ့မှာ သူ့ရဲ့ အကောင်းဆုံးပုံစံနဲ့ လာမှာဖြစ်ပြီး သူ့ကို အနိုင်ယူချင်တယ်ဆိုရင်တော့ ကျနော် ကိုယ်တိုင်ကလည်း အကောင်းဆုံး ဖြစ်နေဖို့ လိုပါတယ်။ သူ့ကို အနိုင်ယူချင်တယ်ဆိုရင် ပြီးခဲ့တဲ့ပွဲကထက် ၁၀ ဆ ပိုကောင်းအောင် လုပ်ရမှာပါ”လို့ သတင်းထောက်တွေကို ပြောခဲ့တာပါ။

ဂျိုကိုဗစ်အနေနဲ့ အမေရိကန်အိုးပန်း ပြိုင်ပွဲမှာ အနိုင်ရခဲ့ရင် တစ်ဦးချင်း ဂရမ်းဆလမ်း အများဆုံး ရရှိထားတဲ့ တင်းနစ်မယ် မာဂရတ်ကော့တ်ရဲ့ စံချိန်ကို လိုက်မှီသွားတော့မှာ ဖြစ်ပါတယ်။

Source: CNA