CNI Sport News

၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၁၂

ယူနိုက်တက်အသင်း တိုက်စစ်မှူးဟောင်း ဂရင်းဝုဒ်ဟာ ပြင်သစ်လီဂူး-၁ ကလပ် မာဆေးလ်အသင်းရဲ့ သြဂုတ်လ တစ်လတာ အကောင်းဆုံး ကစားသမားဆုကို ရရှိသွားခဲ့ပါတယ်။ 

နွေရာသီ အပြောင်းအရွှေ့က ယူနိုက်တက်အသင်းကနေ မာဆေးလ်အသင်းထံ အပြီးသတ် ပြောင်းရွှေ့ခဲ့တဲ့ ဂရင်းဝုဒ်ဟာ ပြင်သစ်ကလပ်ရဲ့ လီဂူး-၁ ပွဲစဉ် ၃ ပွဲစလုံး ပွဲထွက်လူစာရင်းမှာ ပါဝင်ခဲ့တာပါ။ 

ဂရင်းဝုဒ်ဟာ ဘရက်စ်အသင်းနဲ့ပွဲမှာ ၂ ဂိုး၊ ရင်းမ်စ်အသင်းနဲ့ပွဲမှာ ၁ ဂိုးနဲ့ တူးလူးစ်အသင်းနဲ့ပွဲမှာ ၂ ဂိုး သွင်းယူခဲ့တာ ဖြစ်ပါတယ်။ 

ဂရင်းဝုဒ်ဟာ ဒီ ၃ ပွဲမှာ ၅ ဂိုးအထိ သွင်းယူနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၁ ကြိမ်လည်း ပြုလုပ်ထားတာပါ။ 

အဲဒါကြောင့် ဂရင်းဝုဒ်ဟာ မာဆေးလ်အသင်းရဲ့ တစ်လတာ အကောင်းဆုံး ကစားသမားဆုကို ရရှိသွားခဲ့တာ ဖြစ်ပါတယ်။ 

ဂရင်းဝုဒ်ကိုတွေ့ရစဉ်

အသက် ၂၂ နှစ်အရွယ်ရှိ ကစားသမားဟာ ပြီးခဲ့တဲ့ရာသီက အငှားကစားခဲ့တဲ့ ဂီတာဖေးအသင်းမှာလည်း ခြေစွမ်းပြသနိုင်ခဲ့ပြီး အကောင်းဆုံး ကစားသမားဆုတွေကို ရယူနိုင်ခဲ့တာပါ။ 

အခုအချိန်မှာလည်း ဂရင်းဝုဒ်ဟာ သူ့ရဲ့ မာဆေးလ်အသင်း ပွဲဦးထွက်မှာ တစ်လတာ အကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့တာဖြစ်ပါတယ်။

ဂရင်းဝုဒ်က “မာဆေးလ်အတွက် ကစားပြီး အိမ်ကွင်းမှာ ပထမဆုံး ဂိုးသွင်းယူနိုင်ခဲ့တာဟာ ကျနော့်အတွက် အများကြီး အဓိပ္ပါယ်ရှိတယ်ဆိုတာ သိသာပါတယ်။ တစ်လတာ အကောင်းဆုံးကစားသမားအဖြစ် မဲပေးရွေးချယ် ခံရတဲ့အပေါ်မှာ ကျေးဇူးတင်တယ်လို့ ပြောချင်ပါတယ်။ ဒီရာသီမှာ နောက်ထပ် အများကြီးတွေ ရယူနိုင်မယ်လို့ မျှော်လင့်ကြောင်း”ပြောခဲ့တာပါ။

မာဆေးလ်အသင်းဟာ ဒီရာသီပြင်သစ်လိဂ် ၃ ပွဲ ကစားအပြီးမှာ ၂ ပွဲနိုင်၊ ၁ ပွဲသရေနဲ့ အဆင့် ၂ နေရာမှာ ရပ်တည်နေပြီး ဒီအပတ်လိဂ်ပွဲစဉ်အဖြစ် နိုက်စ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Source: Goal