CNI Sport News

၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၁၂

ယူနိုက်တက်အသင်းနဲ့ ဘရာဇီးလ်အသင်း ကစားသမားဟောင်း အန်ဒါဆန်ဟာ ကလေး ၂ ဦးအတွက် စရိတ်ပေးဖို့ ပျက်ကွက်ခဲ့တာကြောင့် သူ့ရဲ့ဇာတိ ဘရာဇီးလ်နိုင်ငံမှာ ဖမ်းဆီးခံခဲ့ရပါတယ်။ 

အန်ဒါဆန်ဟာ ကလေး ၂ ဦးအတွက် ယူရို ၄၈,၀၀၀ ပေးဖို့ ပျက်ကွက်ခဲ့တာလို့ GHZ မီဒီယာက ဖော်ပြထားတာပါ။ 

အန်ဒါဆန် အနေနဲ့ ဒီစရိတ် မပေးချေဘူးဆိုရင် ထောင်ဒဏ်ကျခံရမှာ ဖြစ်ပါတယ်။ 

အန်ဒါဆန်ရဲ့အမှုကို ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေထဲက ပြစ်ဒဏ်ချမှတ်ခဲ့တာဖြစ်ပြီး အခုမှ အများသိအောင် ထုတ်ပြန်ခဲ့တာပါ။ 

ယူနိုက်တက်အသင်း ကွင်းလယ်လူဟောင်းဟာ ထောင်ဒဏ် ၁ လ ကျခံရမှာဖြစ်ပြီး နေ့ဘက် အပြင်ထွက် အလုပ်လုပ်ကာ ထောင်ထဲမှာ ညအိပ်ရမယ်လို့လည်း သိရပါတယ်။ 

ဒါပေမယ့် အန်ဒါဆန် အနေနဲ့ ပေးချေရမယ့် ငွေကြေးပမာဏကို ပေးခဲ့မယ်ဆိုရင် သူ့အပေါ် စွဲဆိုထားတာကနေ လွတ်မြောက်သွားမှာပါ။ 

အန်ဒါဆန်ဟာ အရင်ကလည်း တရားရုံးမှာ အမှုရင်ဆိုင်ခဲ့ရသေးတဲ့ ဖြစ်ရပ်ရှိခဲ့ပါတယ်။ 

အန်ဒါဆန်ကို တွေ့ရစဉ်

သူဟာ ၂၀၂၁ ခုနှစ်က တရားမဝင် အွန်လိုင်းငွေကြေးတွေနဲ့ ယူရို ၅.၆ သန်းတန်ကြေးရှိတဲ့ ငွေကြေးကို ခဝါချခဲ့တယ်လို့ စွပ်စွဲခံထားရတာဖြစ်ပါတယ်။ 

အသက် ၃၆ နှစ်အရွယ်ရှိ အန်ဒါဆန်ဟာ ယူနိုက်တက်အသင်းမှာ ၂၀၀၇ ကနေ ၂၀၁၅ ခုနှစ်အထိ ကစားခဲ့ပြီး ပရီးမီးယားလိဂ်ဖလား ၄ ကြိမ်၊ ချန်ပီယံလိဂ်၊ ကလပ်ကမ္ဘာ့ဖလားနဲ့ လိဂ်ဖလားတို့ကို ရယူနိုင်ခဲ့တာပါ။ 

ဂရီမီယို၊ ပေါ်တိုအသင်းတွေမှာ ကစားခဲ့တဲ့ အန်ဒါဆန်ဟာ ယူနိုက်တက်အသင်းကနေ ထွက်ခွာပြီးနောက် ဖီအိုရင်တီးနား၊ အင်တာနေစီယွန်နယ်လ်၊ ကော်ရီတီဘာနဲ့ ဒီမာစပေါ်အသင်းတို့မှာ ကစားခဲ့ပါတယ်။ 

၂၀၂၀ ခုနှစ်မှာ ဘောလုံးသမားဘဝက အနားယူကြောင်း ကြေညာခဲ့တဲ့ အန်ဒါဆန်ဟာ ဘရာဇီးလ်လက်ရွေးစင် အသင်းအတွက် ၈ ပွဲ ပါဝင်ကစားခဲ့ပြီး ၂၀၀၇ ကိုပါအမေရိကဖလားပြိုင်ပွဲမှာ ချန်ပီယံဆုကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

Source: besoccer