CNI Sport News
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၁
ယူနိုက်တက်အသင်းဟာ နော်တင်ဟမ်ဖောရက်စ်အသင်းမှာ ခြေစွမ်းပြသနေတဲ့ အင်္ဂလန်ကွင်းလယ်လူ အန်ဒါဆန်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြထားပါတယ်။
ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့မှာ တိုက်စစ်ပိုင်းနဲ့ ဂိုးသမားနေရာကို အားဖြည့်နိုင်ခဲ့ ပေမယ့် လိုအပ်နေတဲ့ ကွင်းလယ်နေရာကို ခေါ်ယူနိုင်ခဲ့ခြင်း မရှိတာပါ။
ယူနိုက်တက်အသင်းဟာ ဘရိုက်တန်အသင်း ကွင်းလယ်လူ ဘာလီဘာကို ခေါ်ယူဖို့ ချိတ်ဆက်ခဲ့ပေမယ့် ဘရိုက်တန်အသင်းဘက်က သူ့ကိုရောင်းချမှာ မဟုတ်ဘူးလို့ အကြောင်းပြန်ခဲ့တာ ဖြစ်ပါတယ်။
ယူနိုက်တက်အသင်းဟာ လာမယ့် ဇန်နဝါရီမှာ ဘာလီဘာကို ခေါ်ယူဖို့ ထပ်ကြိုးစားလာနိုင်သလို အခြားပစ်မှတ် တွေကိုလည်း ရှာဖွေနေတာပါ။
အန်ဒါဆန်ကို တွေ့ရစဉ်
TEAMtalk က ယူနိုက်တက်အသင်းဟာ ကွင်းလယ်နေရာအတွက် အားဖြည့်ဖို့ နော်တင်ဟမ်ဖောရက်စ်အသင်း ကွင်းလယ်လူ အန်ဒါဆန်ကို သူတို့ရဲ့ ပစ်မှတ်စာရင်းထဲမှာ ထည့်သွင်းထားတယ်လို့ ဖော်ပြထားပါတယ်။
ယူနိုက်တက်အသင်းဟာ အန်ဒါဆန်ကို ခေါ်ယူဖို့ ခက်ခဲနိုင်ပေမယ့် စိတ်ဝင်စားမှု ပိုပြီးများလာတယ်လို့ သိရပါ တယ်။
နော်တင်ဟမ်ဖောရက်စ်အသင်းဟာ ၂၀၂၉ နွေရာသီအထိ စာချုပ်ရှိနေတဲ့ အဓိကကွင်းလယ်လူ အန်ဒါဆန်ကို ရာသီဝက်ကာလမှာ လက်လွှတ်ဖို့ ဆန္ဒမရှိတာပါ။
နော်တင်ဟမ်ဖောရက်စ်အသင်းဟာ ပြီးခဲ့တဲ့ရက်ပိုင်းက နည်းပြနူနိုဆန်တိုကို ထုတ်ပယ်ပြီး စပါးအသင်း နည်းပြဟောင်း ပိုစတီကိုဂလူးကို နည်းပြသစ် ခန့်အပ်ထားတဲ့ အပြောင်းအလဲကြောင့် ယူနိုက်တက်အသင်းဟာ အန်ဒါဆန်ရဲ့အခြေအနေကို စောင့်ကြည့်နေတာဖြစ်ပါတယ်။
အန်ဒါဆန်ဟာ နည်းပြသစ် ပိုစတီကိုဂလူးရဲ့ အစီအစဉ်မှာ အဓိက အစိတ်အပိုင်း အနေနဲ့ မပါဝင်ရဘူးဆိုရင် ယူနိုက်တက်အသင်းဟာ သူ့ကိုကမ်းလှမ်းမှုပြုလုပ်ဖို့ အဆင်သင့် ဖြစ်နေတာပါ။
အန်ဒါဆန်ဟာ နယူးကာဆယ်အသင်းကနေ ပြောင်းရွှေ့လာပြီးကတည်းက နော်တင်ဟမ်ဖောရက်စ်အသင်းမှာ အဓိက ကစားသမားအဖြစ် ရှိနေပါတယ်။
သူဟာ ပြီးခဲ့တဲ့ ဥရောပ ယူ-၂၁ ပြိုင်ပွဲမှာ ချန်ပီယံဖြစ်ခဲ့တဲ့ အင်္ဂလန် ယူ-၂၁ အသင်းမှာ အဓိက ကစားသမား ဖြစ်ခဲ့သလို အင်္ဂလန်အသင်းကြီး နည်းပြတူချယ်လ်ဟာ ပြီးခဲ့တဲ့ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ ၂ ပွဲစလုံး သူ့ကို ပွဲထွက်လူစာရင်းမှာ အသုံးပြုခဲ့တာပါ။
အန်ဒါဆန်ရဲ့ လက်ရှိ ပုံစံကောင်းတွေကြောင့် ယူနိုက်တက်အသင်းဟာ သူ့ကို ဆောင်းရာသီ အပြောင်းအရွှေ့မှာ ခေါ်ယူဖို့ခက်ခဲနိုင်တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။
Source: Sportsmole