CNI Sport News

၂၀၂၆ ခုနှစ်၊ မတ်လ ၃၁

နော်တင်ဟမ်ဖော်ရက်စ်အသင်း ကွင်းလယ်လူ အဲလီယော့အန်ဒါဆန်က သူ့ရဲ့အနာဂတ်နဲ့ပတ်သက်ပြီး ထွက်ပေါ် နေတဲ့ ထင်ကြေးတွေကို လျစ်လျူရှုမယ်လို့ ကတိပြုခဲ့ပြီး ကလပ်အသင်းနဲ့ အင်္ဂလန်အသင်းအတွက် အောင်မြင်မှု ရရှိဖို့ကိုသာ အာရုံစိုက်နေတယ်လို့ ပြောခဲ့ပါတယ်။ 

အဲလီယော့အန်ဒါဆန်က “နွေရာသီမှာ ကမ္ဘာ့ဖလားပြိုင်ပွဲ ယှဉ်ပြိုင်ရမှာဖြစ်လို့ ကျနော့် မျက်လုံးတွေက ဒီအတွက် နဲ့ အင်္ဂလန်အတွက် ကစားပေးဖို့ကို အာရုံစိုက်ထားပါတယ်။ ကျနော်ဟာ တံဆပ်တပ် ထားပြီးသားဖြစ်လို့ အခု အချိန်မှာ ဒီအကြောင်းအရာကိုပဲ စဉ်းစားနေပါတယ်။ ကျနော်ဟာ ဖော်ရက်စ်နဲ့ ရာသီ အဆုံးသတ်ဖို့လည်း ရှိသေးလို့ ကျနော့်ရဲ့ စံနှုန်းတွေကို မြင့်အောင် ဆက်ထိန်းပြီး ပွဲထွက်လူစာရင်းထဲ သေချာအောင် လုပ်ရမယ်”လို့ ပြောခဲ့ပါတယ်။ 

အသက် ၂၃ နှစ်အရွယ်ရှိ အန်ဒါဆန်ဟာ နော်တင်ဟမ်ဖောရက်စ်နဲ့ အင်္ဂလန်အသင်းမှာ ပြသနေတဲ့ စွမ်းဆောင်ရည် တွေကြောင့် လာမယ့် နွေရာသီမှာ သူ့ကိုခေါ်ယူဖို့ ယူနိုက်တက်၊ မန်စီးတီးနဲ့ အာဆင်နယ်အသင်းတို့က စိတ်ဝင်စား နေကြပါတယ်။ 

အန်ဒါဆန်ဟာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလကမှ အင်္ဂလန်အသင်းကြီးအတွက် ပွဲထွက်ခွင့် ရခဲ့ပေမယ့် ကမ္ဘာ့ဖလား လူစာရင်းထဲပါဝင်ဖို့ သေချာနေတာပါ။ 

အန်ဒါဆန်ကို တွေ့ရစဉ်

အင်္ဂလန်အသင်းနည်းပြ တူချယ်လ်ဟာ အန်ဒါဆန်ကို အာဆင်နယ်အသင်း ကွင်းလယ်လူ ဒီကလန်ရိုက်စ်နဲ့ တွဲဖက် ပြီး အသုံးပြုဖို့ ရှိနေတာဖြစ်ပါတယ်။ 

အန်ဒါဆန်ဟာ လက်ရှိအချိန်မှာ အနာဂတ်ထင်ကြေးတွေ ထွက်ပေါ်နေပေမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်နိုင်ဖို့ ကိုသာ အာရုံစိုက်နေတာပါ။ 

ဒါ့အပြင် အန်ဒါဆန်က သူဟာ ကွင်းထဲမှာ အကောင်းဆုံး ပေးဆပ်ဖို့ကိုသာ ကြိုးစားပြီး ဝတ်ထားတဲ့ အင်္ကျီအတွက် တိုက်ပွဲဝင်သွားမှာလို့ ပြောခဲ့ပါတယ်။ 

၂၀၂၄ ခုနှစ်မှာ နယူးကာဆယ်အသင်းကနေ ရောက်လာခဲ့တဲ့ အန်ဒါဆန်ဟာ နော်တင်ဟမ်ဖောရက်စ် အသင်းအတွက် ကစားထားတဲ့ ၂ ရာသီမှာ ပွဲပေါင်း ၈၃ ပွဲ ကစားထားပြီး ၄ ဂိုး သွင်းယူထားတာပါ။ 

နော်တင်ဟမ်ဖောရက်စ်အသင်းနဲ့ အဲလီယော့အန်ဒါဆန်တို့ရဲ့ စာချုပ်ဟာ ၂၀၂၉ ခုနှစ်အထိ သက်တမ်းရှိနေတာ ဖြစ်ပါတယ်။

Source: Dailymail