CNI Sport News
၂၀၂၄ ခုနှစ်၊ မတ်လ ၂၃

အင်္ဂလန်အသင်းနည်းပြ ဆောက်ဂိတ်ဟာ နွေရာသီမှာ ယူနိုက်တက်အသင်းနည်းပြ ဖြစ်လာနိုင်တယ်ဆိုပြီး ထွက်ပေါ်နေတဲ့ ထင်ကြေးတွေကို တုန့်ပြန်လိုက်ပါတယ်။

ဆောက်ဂိတ်က “ကျနော်ဟာ အင်္ဂလန်နည်းပြဖြစ်ပြီး ကျနော့်မှာ အလုပ်ရှိပါတယ်။ ကျနော်ဟာ အင်္ဂလန်အသင်း ကို ယူရိုချန်ပီယံဆု ရယူနိုင်အောင် ကြိုးစားပေးဖို့ရှိသလို ဒီအပတ်ထဲမှာ အရေးကြီးတဲ့ပွဲ ၂ ပွဲရှိပါတယ်။ ယူနိုက်တက်အသင်းမှာဆိုရင် နည်းပြရှိပြီး ဒီအသင်းရဲ့နည်းပြနေရာနဲ့ ပတ်သက်တဲ့ ထင်ကြေးတွေက လုံးဝ မလေးစားရာ ရောက်တယ်လို့ ကျနော်ထင်ကြောင်း”ပြောခဲ့တာပါ။

ယူနိုက်တက်အသင်းဟာ ဒီရာသီအကုန်မှာ နည်းပြ အဲရစ်တန်ဟတ်ကို ထုတ်ပယ်ဖို့ ဆုံးဖြတ်ခဲ့မယ်ဆိုရင် သူ့ရဲ့ နေရာမှာ ဆောက်ဂိတ်ကို နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ ပူးတွဲပိုင်ရှင် ဆာဂျင်ရက်ကလစ်ဖ်က ဆုံးဖြတ်ထားတယ်လို့ ထင်ကြေး သတင်းတွေ ထွက်ပေါ်နေတာ ဖြစ်ပါတယ်။ 

၂၀၂၂ ခုနှစ်က ယူနိုက်တက်အသင်းကို စတင်ကိုင်တွယ်ခဲ့တဲ့ အဲရစ်တန်ဟတ်ဟာ ဒီရာသီမှာ အသင်းရဲ့ ရလဒ်တွေ ကြောင့် ဖိအားဒဏ်တွေ ခံစားနေရတာပါ။ 

ယူနိုက်တက်အသင်းဟာ ဒီရာသီမှာ ချန်ပီယံလိဂ် ဝင်ခွင့်မရခဲ့ရင် အဲရစ်တန်ဟတ်ဟာ နည်းပြရာထူးကနေ ထုတ်ပယ်ခံရနိုင်တာ ဖြစ်ပါတယ်။

ဆောက်ဂိတ်နဲ့ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်တို့ ချုပ်ဆိုထားတဲ့စာချုပ်ဟာ ဒီနှစ်ထဲမှာ ကုန်ဆုံးတော့မှာဖြစ်လို့ ယူနိုက်တက်အသင်းဟာ ဆောက်ဂိတ်ကို နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ စိတ်ဝင်စားနေတာပါ။ 

အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်ဟာ ဆောက်ဂိတ်ကို ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအထိ စာချုပ်သက်တမ်းတိုးဖို့ စီစဉ် နေတာဖြစ်ပေမယ့် အင်္ဂလန်နည်းပြကတော့ ယူရိုပြိုင်ပွဲအပြီးမှသာ သူ့အနာဂတ်ကို ဆုံးဖြတ်သွားမယ်လို့ ပြောခဲ့ပါတယ်။

ဆောက်ဂိတ်က “ကျနော့်ရဲ့ အာရုံစိုက်မှုက ဥရောပချန်ပီယံရှစ်ပြိုင်ပွဲပါ။ ကျနော်ဟာ ဒီပြိုင်ပွဲမတိုင်ခင်အထိ ဘယ်သူနဲ့မှ စကားပြောဆိုမှာ မဟုတ်ဘူးဆိုတာ သေချာပါတယ်။ ကျနော်ဒီမှာရှိနေတာ ၈ နှစ်ကြာရှိပါပြီ။ ကျနော့်မှာ အလုပ်ရှိနေတဲ့အချိန် တခြားသူတွေနဲ့ စကားပြောဆိုတာတွေလုပ်မှာ မဟုတ်ဘူး”လို့ ပြောခဲ့တာပါ။

အင်္ဂလန်အသင်းဟာ ခြေစမ်းပွဲတွေအဖြစ် မတ်လ ၂၃ ရက်မှာ ဘရာဇီးလ်၊ ၂၆ ရက်မှာ ဘယ်လ်ဂျီယံအသင်းတို့နဲ့ ခြေစမ်းပွဲယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။

Source: Metro