CNI International News

လန်ဒန်၊ ဖေဖော်ဝါရီ ၂၀

ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေးနှင့် ဟားမာ့စ်အကြား ချက်ချင်း အပစ်အခတ် ရပ်စဲရမည်ဖြစ်ကြောင်း ဗြိတိန် ၏ လေဘာပါတီခေါင်းဆောင် ကီယာစတာမာ (Keir Starmer) က ပြောကြားခဲ့ကြောင်း အယ်လ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။

စကော့တလန်နိုင်ငံ၊ ဂလက်စ်ဂေါ (Glasgow) မြို့တွင် ဖေဖော်ဝါရီ ၁၈ ရက်က ပြုလုပ်ခဲ့သည့် စကော့တလန် လေဘာပါတီ ညီလာခံ၌ ဗြိတိန်အတိုက်အခံ ခေါင်းဆောင်ဖြစ်သူ စတာမာ၏ မှတ်ချက်စကားများ ထွက်ပေါ်ခဲ့ခြင်း ဖြစ်သည်။

ဂါဇာဒေသတွင် ပါလက်စတိုင်း ၂၉,၀၀၀ နှင့် အစ္စရေးတွင် လူပေါင်း ၁၁၄၀ ဦး သေဆုံးခဲ့သည့် အောက်တိုဘာ ၇ ရက်က စတင်ခဲ့သော အစ္စရေး-ဟားမာ့စ်စစ်ပွဲကို ချက်ချင်း အပစ်အခတ်ရပ်စဲရန် တောင်းဆိုမှုများအား စတာမာက ထောက်ခံသည့်အနေဖြင့် ပြောကြားခဲ့ခြင်း ဖြစ်သည်။

 ဂါဇာကမ်းမြောင်ဒေသစစ်ပွဲကို တွေ့ရစဉ်

ယခင်က စတာမာသည် အစ္စရေး-ဟားမာ့စ် စစ်ပွဲကို ချက်ချင်း အပစ်အခတ်ရပ်စဲရန် တောင်းဆိုမှုများကို ထောက်ခံ ရန် ငြင်းဆိုခဲ့ပြီး ပဋိပက္ခ အဆုံးသတ်စေရန်သာ လိုလားကြောင်း ပြောကြားခဲ့သည်။

ထို့ကြောင့် လေဘာပါတီအတွင်း အစ္စရေး-ဟားမာ့စ် ပဋိပက္ခနှင့်ပတ်သက်ပြီး သဘောထား ကွဲလွဲမှုများ ပိုမို မြင့်တက်လာခဲ့ပြီး လေဘာပါတီ၏ လွှတ်တော်အမတ် ၃ ပုံ ၁ ပုံက အစ္စရေး-ဟားမာ့စ် စစ်ပွဲ ချက်ချင်း အပစ်အခတ်ရပ်စဲရန် တောင်းဆိုမှုများအား ထောက်ခံဖို့ စတာမာကို ဖိအားပေးခဲ့ကြသည်။

“ဂျာမနီနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ မြူးနစ် လုံခြုံရေးညီလာခံမှာ ကျနော်ဟာ အစ္စရေး-ဟားမာ့စ် ပဋိပက္ခနဲ့ပတ်သက်ပြီး အခြား နိုင်ငံ့ခေါင်းဆောင်တွေနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ အဲဒီဆွေးနွေးမှုတိုင်းမှာ အစစ္စရေးနဲ့ ဟားမာ့စ် အကြား အပစ်အခတ်ရပ်စဲဖို့၊ ဖမ်းဆီးခံထားရတဲ့ ဓားစာခံတွေအားလုံး ပြန်လွတ်ဖို့ကိုပဲ ကြားခဲ့ရပါတယ်”ဟု စတာမာက ပြောကြားခဲ့သည်။

ထို့ပြင် မိမိတို့အားလုံးသည် ယာယီအပစ်အခတ်ရပ်စဲရေးမျိုး မဟုတ်ဘဲ ထာဝရ အပစ်အခတ်ရပ်စဲရေး သဘော တူညီချက်ဖြင့် တိုက်ခိုက်မှုများကို အဆုံးသတ်စေလိုကြောင်း စတာမာက ပြောသည်။

စတာမာ၏ နိုင်ငံခြားရေးမူဝါဒ အကြီးအကဲ ဒေးဗစ်လမ်မီကို တွေ့ရစဉ်

အပစ်အခတ်ရပ်စဲရေးသည် တစ်ဖက်သတ် မဖြစ်နိုင်ကြောင်း၊ ဂါဇာကမ်းမြောင်ဒေသအတွင်းရှိ ပါလက်စတိုင်း ဒုက္ခ သည် ၁ သန်းကျော် ရှိနေသည့် ရာဖာ (Rafah) မြို့တွင် စစ်ဆင်ရေးပြုလုပ်မည့် အစ္စရေး၏ အစီအစဉ်အား ဆန့်ကျင်ကြောင်း စတာမာက ပြောကြားခဲ့သည်။ 

ဗြိတိန်လွှတ်တော်တွင် ဖေဖော်ဝါရီ ၂၁ ရက်၌ စကော့တလန် အမျိုးသားပါတီ(SNP)က ဦးဆောင်သည့် အစ္စရေး-ဟားမာ့စ် ချက်ချင်း အပစ်အခတ်ရပ်စဲရေး အဆိုကို မဲခွဲဆုံးဖြတ်မည်ဖြစ်သည်။

ထိုမဲခွဲဆုံးဖြတ်မှု မတိုင်မီ SNP ၏ ရည်ရွယ်ချက်ကို စောင့်ကြည့်သွားမည်ဟု စတာမာ၏ နိုင်ငံခြားရေးမူဝါဒ အကြီးအကဲ ဒေးဗစ်လမ်မီ (David Lammy) က ပြောကြားခဲ့သည်။

Source: အယ်လ်ဂျာဇီးယား