CNI News

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၂၀ 

နစကမှ အတည်ပြု သတ်မှတ်လိုက်သည့် ပြည်သူ့စစ်မှုထမ်းဥပဒေအပေါ် ပြည်သူများ ဘာကြောင့် စိုးရိမ်နေကြသ လဲဆိုသည်ကို သက်ဆိုင်ရာက အဖြေရှာ၍ ဖြေရှင်းပေးသင့်ကြောင်း နိုင်ငံရေးသမားများက ထောက်ပြကြသည်။

၂၀၁၀ ပြည့်နှစ်က နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥပဒေအမှတ်၊ ၂၇/၂၀၁၀ ဖြင့် ပြဋ္ဌာန်းခဲ့ သော ပြည်သူ့စစ်မှုထမ်းဥပဒေသည် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ စတင်၍ အာဏာတည်စေရမည်ဖြစ် ကြောင်း နစကမှ သတ်မှတ်ခဲ့သည်။

ထိုဥပဒေကို အချိန်တစ်ခုယူကာ အကောင်အထည် ဖော်ရမှာဖြစ်သည့်အတွက် ကြာမြင့်ဦးမှာဖြစ်ကြောင်း၊ ယခု အချိန်တွင် ထုတ်ပြန်လိုက်ခြင်းကြောင့် လူထုစိုးရိမ်မှုများလာကြောင်း မွန်ညီညွတ်ရေးပါတီ (MUP) မှ ပြောရေး ဆိုခွင့်ရှိသူ နိုင်သန်းရွှေက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “စိုးရိမ်ပူပန်မှုတွေတော့ အများကြီးပေါ့နော်၊ ဒီစစ်ဥပဒေနဲ့ ပတ်သက်ပြီးတော့ ဒါပေမယ့်၊ လောလောဆယ် တော့ အခြေအနေတော့ ဖြစ်မလာသေးဘူးလို့ ကျနော်တို့ ထင်တယ်လေ၊ ဘာဖြစ်လို့လဲဆိုရင် ရုတ်တရက် ထပြီး တော့ အကောင်အထည် ဖော်လို့ရတဲ့ကိစ္စ မဟုတ်ဘူးလေ။ တဖြည်းဖြည်းနဲ့ စည်းစနစ်ကျကျ စည်းမျဉ်းစည်းကမ်း ဥပဒေအတိုင်းနဲ့ လုပ်သွားမယ်ဆိုလို့ရှိရင် အချိန်က နည်းနည်းတော့ ကြာမှာပေါ့၊ ဒီအချိန်မှာ တချက်တည်းနဲ့ ထုတ်ပြန်လိုက်တဲ့ အခါကြတော့ လူထုလည်း နည်းနည်းတော့ စိုးရိမ်ပူပန်မှုတွေတော့ ပိုများတာပေါ့” ဟု ပြော သည်။

မြန်မာ့တပ်မတော်မှ တပ်ဖွဲ့၀င်တွေကို တွေ့ရစဉ်

အဆိုပါ ပြည်သူ့စစ်မှုထမ်းဥပဒေအရ အမျိုးသားမှာ အသက် ၁၈ နှစ် ပြည့်ပြီး၍ အသက် ၃၅ နှစ် မပြည့်သေးသော နိုင်ငံသားတိုင်းကို လည်းကောင်း၊ အမျိုးသမီးမှာ အသက် ၁၈ နှစ် ပြည့်ပြီး၍ အသက် ၂၇ နှစ် မပြည့်သေးသော နိုင်ငံသားတိုင်း ပါဝင်သည်။

ထို့အတူ ကျွမ်းကျင်သူ အမျိုးသားဖြစ်ပါက အသက် ၁၈ နှစ် ပြည့်ပြီး၍ အသက် ၄၅ နှစ် မပြည့်သေးသော နိုင်ငံသားတိုင်းကိုလည်းကောင်း၊ အမျိုးသမီးဖြစ်ပါက အသက် ၁၈ နှစ် ပြည့်ပြီး၍ အသက် ၃၅ နှစ် မပြည့်သေး သော နိုင်ငံသားတိုင်းကို ဆိုသည်။

ကျွမ်းကျင်သူ ဆိုသည်မှာ ဆရာဝန်၊ အင်ဂျင်နီယာ၊ စက်မှုလက်မှုပညာ တတ်မြောက်သူ သို့မဟုတ် အခြားသော အတတ်ပညာ တစ်ရပ်ရပ်ဖြင့် အသက်မွေးဝမ်းကျောင်း နေသူများကို ဆိုလိုသည်။

ထို့နောက် ဗမာမဟုတ်သော တိုင်းရင်းသား လူငယ်များမှာ မိမိတို့ အမျိုးသားလက်နက်ကိုင် အဖွဲ့အစည်းထံ ဝင်ရောက်ရန် ပြင်ဆင်နေသလို ဗမာလူငယ်များမှာလည်း တော်လှန်ရေး အင်အားစုများထံ ဝင်ရောက်ရန် ပြင်ဆင်နေကြကြောင်း၊ ထို့အတူ လူငယ်အချို့မှာ နိုင်ငံခြားသို့ ထွက်ခွာရန် ပြင်ဆင်နေကြသည်။
စစ်မှုထမ်းနိုင်သည့် လူငယ်အားလုံးကို ဆင့်ခေါ်ပြီး စစ်မှုထမ်းခိုင်းမှာ မဟုတ်ကြောင်း၊ စိုးရိမ်စရာ မရှိကြောင်း လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ) မှ ဥက္ကဋ္ဌ ဦးလီပေါ်ရဲ့က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “သူတို့ သေသေချာချာ ဂဃနဏ မသိသေးလို့ စိုးရိမ်တာပါ။ တကယ်တမ်းတော့ ဘာမှ စိုးရိမ်စရာ မရှိပါ ဘူး။ ဒီဟာက တစ်ခေါက်မှ ၅၀၀၀ ပဲ ခေါ်မှာကိုး၊ ၅၀၀၀ ဆို ကျနော်တို့ မြို့နယ်ပေါင်း ၃၃၀ နဲ့ မြောက်လိုက်ရင် တစ်မြို့နယ်မှာ ၁၈ ယောက်လောက်ပဲ ကျမယ်၊ ၁၈ ယောက်ဆိုတဲ့ဟာလည်း ရပ်ကွက်နဲ့ ကျေးရွာအုပ်စုနဲ့ ပြန် တွက်ရင် တစ်ယောက်နှုန်းပဲ ကျမှာလေ၊ တချို့ဆို အဲဒီတော့ စိုးရိမ်စရာတော့ သိပ်မရှိပါဘူ။ ၁၃ သန်းလောက်ရှိ နေတဲ့ လူတွေကို စစ်မှုထမ်းနိုင်တဲ့အရွယ် သတ်မှတ်ထားတဲ့ ဥပဒေအရ သတ်မှတ်ထားတဲ့ လူငယ်တွေအားလုံးကို ဆင့်ခေါ်ပြီးမှ စစ်မှုထမ်းခိုင်းမှာလည်း မဟုတ်ဘူး။ သိပ်စိုးရိမ်စရာတော့ မရှိဘူး။ လူထုတွေကတော့ တစ်ဖက်လည်း ဝါဒဖြန့် အမျိုးမျိုး မီဒီယာထဲကနဲ့ မကြောက်ကြောက်အောင် မီဒီယာနဲ့ လှုံ့ဆော်တာတွေကြောင့်လည်း လူထုက တော့ နည်းနည်း‌တော့ ကြောက်တာ၊ စိုးရိမ်တာတော့ ရှိတာပေါ့ဗျာ၊ ဒါပေမယ့် တကယ်တမ်း နားလည်တဲ့ လူတွေ က၊ သေချာ စဉ်းစားတဲ့ လူတွေက ဘာမှ စိုးရိမ်စရာရှိမှာ မဟုတ်ပါဘူး” ဟု ပြောသည်။

မြန်မာ့တပ်မတော်မှ တပ်ဖွဲ့၀င်တွေကို တွေ့ရစဉ်

ပြည်သူ့စစ်မှုထမ်းဥပဒေတွင် အကျုံးဝင်နေသည့် လူငယ်တိုင်းကို ခေါ်ယူမှာ မဟုတ်ကြောင်း နစက သတင်းထုတ် ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ဖေဖော်ဝါရီ ၁၄ ရက်မှာ ပြောကြားထားသည်။

၎င်းက “ဒီနေရာမှာ ပြည်သူ့စစ်မှုထမ်းဥပဒေရော၊ အရန်တပ်ဖွဲ့ဥပဒေမှာရော ကျနော် ပထမဦးဆုံး ခိုင်ခိုင်မာမာ ပြောချင်တာက အကျုံးဝင်တဲ့ သူတိုင်းကိုလည်း ကျနော်တို့ ခေါ်မှာ မဟုတ်ပါဘူး။ ခေါ်စရာလည်း အကြောင်း မရှိပါ ဘူး။ မနေ့ကလည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ၊ နိုင်ငံတော်ဝန်ကြီးချုပ်အနေနဲ့ နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံချိန်မှာ ဒါတွေနဲ့ ပတ်သက်ပြီး အထူးအလေးထား ရှင်းပြခဲ့ပြီးဖြစ်ပါတယ်” ဟု ပြောသည်။

ဖေဖော်ဝါရီ ၁၀ ရက်နေ့က အတည်ပြု သတ်မှတ်ခဲ့သည့် ပြည်သူ့စစ်မှုထမ်းဥပဒေကို လာမည့် ဧပြီလ နောက်ပိုင်း တွင် အကောင်အထည် ဖော်မည်ဖြစ်ကြောင်း၊ အပတ်စဉ်(၁)ကို လူဦးရေ ၅၀၀၀ ဖြင့် စတင်မည်ဖြစ်ကြောင်း သိရ သည်။