CNI International News

အော့တဝါ၊ ဖေဖော်ဝါရီ ၂၀

တရုတ်အနေဖြင့် ပင်လယ်နီတွင် ကုန်သွယ်ရေးသင်္ဘောများ ဘေးကင်းလုံခြုံရေးအတွက် အခန်းကဏ္ဍတစ်ခုမှ ပါဝင်လှုပ်ရှားသင့်ကြောင်း ကနေဒါနိုင်ငံခြားရေးဝန်ကြီး မယ်လာနီ ဂျိုလီ (Melanie Joly)က ဖေဖော်ဝါရီ ၁၈ ရက်တွင် ပြောကြားခဲ့သည်ဟု CNA မှ ဖော်ပြခဲ့သင်္ည။

ပင်လယ်နီအတွင်း တိုက်ခိုက်မှုများသည် တရုတ်သင်္ဘောများအတွက်လည်း အန္တရာယ်ကြီးမားကြောင်း၊ တရုတ် အနေဖြင့် ရုရှားအပေါ် နိုင်ငံတကာ ပိတ်ဆို့မှုများချမှတ်ရာတွင် ရုရှားကို ကူညီပေးနေမှုများကို ရပ်တန့်ရန်လည်း ဂျိုလီက ပြောကြားခဲ့သည်။

ပင်လယ်နီတွင် ဟူရ်သီ (Houthi) သူပုန်များ၏ တိုက်ခိုက်မှုများကို ရပ်တန့်စေရန် တရုတ်အနေဖြင့် ဟူရ်သီအဖွဲ့ အပေါ် ဩဇာလွှမ်းမိုးနိုင်ရေးအတွက် အကူအညီပေးသင့်ကြောင်း ဖေဖော်ဝါရီ ၁၇ ရက်က တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိ (Wang Yi)နှင့် အစည်းအဝေးတွင် ပြောကြားခဲ့သည်ဟု ဂျိုလီက ပြောသည်။

“ဒါဟာ ကုန်စည်တွေ တင်ပို့ရောင်းချနေတဲ့ တရုတ်ရဲ့ အကျိုးစီးပွားတွေ ဖြစ်ပါတယ်” ဟု ဂျိုလီက ဂျာမနီနိုင်ငံတွင် ပြုလုပ်သည့် မြူးနစ်လုံခြုံရေးဖိုရမ်၌ ပြောကြားခဲ့သည်။

 ကနေဒါနိုင်ငံခြားရေးဝန်ကြီး မယ်လာနီဂျိုလီနဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိကို တွေ့ရစဉ်

ယီမင်နိုင်ငံတွင် အီရန်၏ ကျောထောက်နောက်ခံ ရရှိထားသည့် ဟူရ်သီသူပုန်များသည် ပင်လယ်နီ၌ ကုန်တင် သင်္ဘောများကို အဆက်မပြတ် တိုက်ခိုက်နေပြီး ဖေဖော်ဝါရီ ၁၆ ရက်ကလည်း M/T Pollux ရေနံတင်သင်္ဘောအား တိုက်ခိုက်ခဲ့သည်ဟု အမေရိကန်က ပြောကြားခဲ့သည်။

ဟူရ်သီသူပုန်များကမူ ဂါဇာဒေသရှိ ပါလက်စတိုင်းများကို ထောက်ခံကြောင်း ပြသသည့်အနေဖြင့် ထိုတိုက်ခိုက်မှု များကို ပြုလုပ်နေခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထိုတိုက်ခိုက်မှုများကြောင့် တရုတ်သင်္ဘောများ အများဆုံး သွားလာနေသည့် အာရှနှင့် ဥရောပအကြား ရေကြောင်း ကုန်သွယ်ရေးလမ်းကြောင်းများကို အနှောင့်အယှက် ဖြစ်စေခဲ့သည်။

ကနေဒါနိုင်ငံအပြင် အမေရိကန်နှင့် ဗြိတိန်တို့ကလည်း အီရန်နိုင်ငံကို ဖိအားပေးမှုမှတစ်ဆင့် ဟူရ်သီသူပုန်များ၏ တိုက်ခိုက်မှုများကို ဟန့်တားပေးရန် တရုတ်အစိုးရကို တိုက်တွန်းထားသည်။

ထို့ပြင် တရုတ်အနေဖြင့် အနောက်နိုင်ငံများ၏ ပိတ်ဆို့မှုများ ချမှတ်ခံထားရသည့် ရုရှားနိုင်ငံကို အကူအညီ မပေးရန်လည်း ကနေဒါနိုင်ငံခြားရေးဝန်ကြီး ဂျိုလီက ဝမ်ယိကို တိုက်တွန်းခဲ့သည်။ 

ပြီးခဲ့သည့်နှစ်က ရုရှားသည် ဆော်ဒီအာရေဗျနိုင်ငံကို ကျော်ဖြတ်ပြီး တရုတ်နိုင်ငံအား ရေနံတင်ပို့ရောင်းချမှု အများဆုံးနိုင်ငံအဖြစ် ရပ်တည်နိုင်ခဲ့ကာ ရုရှားသည် တရုတ်ကို ရေနံများ ရောင်းချခြင်းဖြင့် အနောက်နိုင်ငံများ၏ ပိတ်ဆို့မှုများကို ဖီဆန်နိုင်ခဲ့သည်။

Source: CNA