CNI International News
ဝါရှင်တန်၊ ဧပြီ ၂၆
မြေယာပိုင်ဆိုင်မှုနှင့်ပတ်သက်သည့် အခက်အခဲပြဿနာများ၊ ရာဇဝတ်မှုနှင့် ခွဲခြား ဆက်ဆံခံရမှုတို့နှင့် ရင်ဆိုင်နေ ရသဖြင့် အမေရိကန်တွင် ဒုက္ခသည်အဖြစ် ခိုလှုံခွင့်ရရှိရန် ကြိုးပမ်းနေသည့် လူဖြူအာဖရိကနိုင်ငံသားများကို အမေရိကန်အရာရှိများက အင်တာဗျူးများ ပြုလုပ်ခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
အမေရိကန်သည် အခြားနိုင်ငံများမှ ဒုက္ခသည်များကို နေရပ်ပြန်ပို့ခြင်း၊ သို့မဟုတ် ပြည်ဝင်ခွင့် ပိတ်ပင်ခြင်းတို့ ပြုလုပ်နေချိန်တွင် လူဖြူ တောင်အာဖရိကနိုင်ငံသားများကို ဒုက္ခသည်အဖြစ် ခွင့်ပြုရန် အာရုံစိုက် လုပ်ဆောင်နေ ခြင်း ဖြစ်သည်။
အမေရိကန်တွင် ဒုက္ခသည်အဖြစ် ခိုလှုံခွင့် လျှောက်ထားသည့် တောင်အာဖရိက နိုင်ငံသားအချို့အနက် ပထမ အသုတ် အင်တာဗျူးမေးမြန်းမှုကို တောင်အာဖရိက၏ ပရီတိုးရီးယား (Pretoria) မြို့တော်ရှိ အမေရိကန်သံရုံးတွင် ပြုလုပ်ခဲ့သည်။
ထိုအင်တာဗျူးတွင် ပါဝင်ဖြေဆိုသူများအနက် ၃ ဦးက အမေရိကန်အရာရှိများသည် ၎င်းတို့အပေါ် အပြုသဘော ဆောင်သည့် သဘောထားများရှိပုံပေါ်ကြောင်း ရိုက်တာသတင်းဌာနကို ပြောကြားခဲ့ကြသည်။
လက်ရှိတွင် အမေရိကန်၌ ဒုက္ခသည်အဖြစ် ခိုလှုံခွင့် လျှောက်ထားသည့် လူဖြူတောင်အာဖရိက နိုင်ငံသားများ အနက် ၃၀ ကျော်ကို ခိုလှုံခွင့် အတည်ပြု ပေးခဲ့ပြီဖြစ်ကြောင်း ထိုအကြောင်းအရာနှင့် နီးစပ်သူတစ်ဦးက ပြောကြားခဲ့သည်။
ဒေါ်နယ်ထရမ့်ကို ကူညီရန် တောင်းဆိုနေကြသူများကိုတွေ့ရစဉ်
“သံရုံးဝန်ထမ်းတွေက အရမ်းကို ဖော်ရွေကြပါတယ်။ သူတို့ရဲ့ စာနာစိတ်ကို ကျနော် ခံစားမိပါတယ်” ဟု အမေရိကန်တွင် ဒုက္ခသည်အဖြစ်ခိုလှုံခွင့် လျှောက်ထားခဲ့သည့် လူဖြူတောင်အာဖရိက လယ်သမားတစ်ဦးက ပြောကြားခဲ့သည်။
ပရီးတိုးရီးယားမြို့တော်ရှိ အမေရိကန်သံရုံးကမူ ထိုအကြောင်းအရာနှင့် ပတ်သက်ပြီး မှတ်ချက်မပေးခဲ့ဘဲ အင်တာဗျူး ပြုလုပ်ခဲ့သူ အရေအတွက်နှင့် အတည်ပြုပေးခဲ့သူ အရေအတွက်ကိုလည်း ထုတ်ဖော်ပြောဆို ခဲ့ခြင်းမရှိပေ။
ဖေဖော်ဝါရီ ၇ ရက်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) လက်မှတ်ရေးထိုးခဲ့သည့် သမ္မတ အုပ်ချုပ်ရေးအမိန့်တွင် အာဖရိက၌ နေထိုင်သော လူဖြူများကို နေရာချထားပေးရန် ညွှန်ကြားထားသည်။
Afrikaner ဟု ခေါ်ဆိုသည့် လူမျိုးစုသည် အာဖရိကတွင် အခြေချခဲ့သော ဒတ်ချ်လူမျိုးများမှ ဆင်းသက်လာသူ များဖြစ်ပြီး လူမျိုးရေး ခွဲခြားဆက်ဆံခံနေရကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်။
Source: ရိုက်တာ