CNI News

၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၇

အာရက္ခတပ်တော် (AA) က မောင်တောမြို့မှ ပြည်သူများအနေဖြင့် မြို့မှထွက်ခွာရန် သတိပေးမှုမှာ ဘင်္ဂါလီအရေးကို ဖြေရှင်းလိုက်ခြင်းဖြစ်ကြောင်း မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးကြီးမြင့်က CNI သတင်းဌာနသို့ ပြောသည်။

မောင်တောမြို့နှင့် မြို့ပတ်ဝန်းကျင်တွင်ရှိနေသော မြန်မာ့တပ်မတော်၏ စခန်းများအားလုံးကို မိမိတို့မှ ဝိုင်းရံ ပိတ်ဆို့ထားကြောင်း၊ မောင်တောမြို့ ပြည်သူများ၏ အသက်အန္တရာယ်ကို စိုးရိမ်သောကြောင့် ၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၆ ရက်၊ ည (၉) နာရီအချိန်မှစတင်ပြီး မောင်တောမြိုအတွင်းမှ အမြန်ဆုံး ချက်ချင်းထွက်ခွာကြရန် AA က ထုတ်ပြန်ခဲ့သည်။

ဦးကြီးမြင့်က “အဲဒီမှာဖြစ်နေတဲ့ ရိုဟင်ဂျာပြဿနာရှိတယ်။ ရိုဟင်ဂျာ အများစုနေထိုင်တဲ့လူတွေကို သတိပေးတာ၊ AA က သူတို့ အလွန်မဖြစ်အောင် သူတို့ သတိပေးတယ်။ ဘာဖြစ်လို့ဆို အဲဒီမှာ ရှုပ်နေတယ်။ ဘာတွေရှုပ်နေလဲ ဆိုတော့ အာဆာ (ARSA) နဲ့ ARSU လား အဲဒီအဖွဲ့တွေက ၃ ဖွဲ့ရှိတယ်။ သူတို့က ဟိုတုန်းကတစ်ဖွဲ့က AA နဲ့ နားလည်မှုရှိတယ်။ အခုက ပျက်သွားပြီ၊ ပျက်သွားတဲ့အခါကြတော့ သူတို့က ဘာလုပ်နေလဲဆိုတော့ လက်နက်ရ ပြီးရော၊ နောက်မှ ကြည့်ရှင်းမယ့် ပေါ်လစီ၊ စစ်တပ်နဲ့ပေါင်းရင် လက်နက်ရမယ်၊ စစ်တပ်နဲ့ပေါင်းပြီး လက်နက်ယူ မယ်၊ သူတို့ခိုင်းတာလုပ်မယ်၊ အဲဒီလိုဖြစ်လာတဲ့ အခါကြတော့ AA ကလည်း ဒီမူဝါဒတော့ လက်မခံနိုင်ဘူး။ သူ့ ပေါ်လစီက အရှင်ကြီးလေ၊ လက်နက်ရပြီးရောဆိုတဲ့ အခါကြတော့ ယာယီပေါင်းတာပေါ့၊ အာဆာနဲ့အဖွဲ့က လုပ်မယ်ဆိုတဲ့ သဘောရှိတယ်၊ ပြီးတော့ ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်စခန်းတွေထဲမှာလည်း အဲဒီထဲက လူတွေကို အတင်းစုပြီး ဗမာပြည်ထဲ ပြန်ပို့တယ်။ ပြန်ပို့ပြီးတော့ လက်နက်ရအောင် လုပ်ခိုင်းတယ်။ AA က ဒီကိစ္စကြီးဟာ မဖြစ်တော့ဘူး အပြတ်တိုက်မှ ရတော့မယ်ဆိုပြီး တိုက်တယ်၊ တိုက်တဲ့အခါမှာ နိုင်ငံတကာက ၁၉၅ ဖွဲ့အပါအဝင် ပိုက်ဆံတောင့်တဲ့ မူဆလင်အဖွဲ့အစည်းတွေရဲ့ OIC အဖွဲ့တွေရဲ့ အပြောမခံရအောင်လို့ သတိပေးတယ်လို့ ကျနော် ကတော့ ဒီလိုသဘောထား ရိုးရိုးသားသား မြင်ပါတယ်။ ဒါက သူ့အလုပ်သူလုပ်တာကို တိုက်တော့မယ် နောင်ကျ အလွန်မဆိုနဲ့ အဲဒါကို သူတို့ ရှင်းလိုက်တာပေါ့နော်” ဟု ပြောသည်။

AA ရဲ့ ထုတ်ပြန်ချက်ကိုတွေ့ရစဉ်

မြန်မာ့တပ်မတော်သည် မောင်တောမြို့ကို စစ်စခန်းများသဖွယ် အသုံးပြုပြီး မြို့ပြစစ်ဆင်ရေးကို ပြုလုပ်ရန် ကြိုတင်ပြင်ဆင်ထားသည်မှာ ကာလအတန် ကြာမြင့်ခဲ့ပြီဖြစ်ကြောင်း၊ မောင်တောရှိ လက်ကျန်စခန်းများ အားလုံးကို မိမိတို့မှ ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်တော့မည် ဖြစ်သောကြောင့် သတိပေးခြင်းဖြစ်ကြောင်း ဇွန်လ ၁၆ ရက်နေ့ AA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မောင်တောမြို့မှာ မြန်မာ - ဘင်္ဂါလားဒေ့ရှ် နယ်စပ်မြို့ဖြစ်ပြီး နှစ်နိုင်ငံဆက်ဆံရေး၊ ကုန်သွယ်ရေးမှာ အလွန်အရေး ပါသော မြို့ဖြစ်ကြောင်း စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ် (UNA) မှ ပြောရေးဆိုခွင့်ရှိသူ ဦးမျိုးကျော်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ရခိုင်ပြည်ရဲ့ နယ်စပ် ဘင်္ဂါလားဒေ့ရှ်နဲ့ နယ်စပ်မြို့လည်းဖြစ်တယ်။ နောက်မြန်မာနိုင်ငံရဲ့ အနောက်ဖက် တံခါးပေါက်လည်း ဖြစ်တယ်ပေါ့ဗျာ၊ အဓိကတော့ အဲဒီဘင်္ဂါလားဒေ့ရှ်နဲ့ ကုန်သွယ်မယ်ဆိုရင် အဲဒီမောင်တောဟာ မပါမဖြစ်ပါရမယ့် နေရာဖြစ်တယ်လေ၊ အဲဒီနယ်နိမိတ်ချင်း ဆက်စပ်နေတဲ့ စီးပွားရေး၊ ကုန်သွယ်ရေး နှစ်နိုင်ငံ ဆက်ဆံရေးကအစ အဲဒီနေရာက အရမ်းအရေးပါတယ်လို့ ပြောချင်ပါတယ်” ဟု ပြောသည်။

မောင်တောမြို့အ၀င်ကိုတွေ့ရစဉ်

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ယခုနှစ် အစောပိုင်းကာလမှ စတင်ကာ ဘင်္ဂါလီအရေး ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်လာခဲ့သည်။

ထို့နောက် ၂၀၂၄ ခုနှစ်၊ မေလ ၁၈ ရက်နေ့တွင် ဘူးသီးတောင်မြို့ကို AA က တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ဘင်္ဂါလီအရေးနှင့် ပတ်သက်၍ AA အား အနောက်အုပ်စုနှင့် အရပ်ဖက်အဖွဲ့အစည်းများက ဝေဖန်မှုများ ရှိခဲ့သည်။

လက်ရှိတွင် AA က ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် အပါအဝင် ရခိုင်ပြည်နယ်အတွင်းရှိ ပေါက်တော၊ မင်းပြား၊ ကျောက်တော်၊ မြောက်ဦး၊ မြေပုံ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ရမ်းဗြဲနှင့် ဘူးသီးတောင်စသည့် မြို့နယ်များကို သိမ်းပိုက်ထားသည်။