CNI News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၂၂

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်းနှင့် တောင်ပိုင်းသို့ သွားရောက်သည့် ယာဉ်လိုင်းများ၊ ကုန်တင်ကားများ၊ အိမ်စီးကားများ၊ မော်တော်ဆိုင်ကယ်များကို စစ်ဆေးရေးဂိတ်များက ဖြတ်သန်း သွားလာခွင့်ကန့်သတ်လိုက်ခြင်းကြောင့် မောင်တောမြောက်ပိုင်းဒေသခံများ ဆန်ရိက္ခာ ပြတ်လပ်မှုများ ဖြစ်ပေါ်နေသည်ဟု သိရသည်။

အသွားအလာ ကန့်သတ်လိုက်သည်မှာ ၃ ရက်ရှိပြီဖြစ်သည့်အတွက် မောင်တောမြောက်ပိုင်းရှိ တောင်ပြို ကျေးရွာတွင် ဆန်ဝယ်ယူ၍ မရခြင်းနှင့် ပြတ်လပ်ခြင်းများ ကြုံတွေ့နေရသည်ဟု ဒေသခံ ကိုမောင်မောင် ထွန်းက CNI သတင်းဌာနသို့ ပြောသည်။

“ကျနော်တို့ မြောက်ပိုင်းကို ကားတွေ အသွားအလာ ပိတ်ထားတာ အခု ၃ ရက်မြောက်ရှိပြီပေါ့။ ကျနော်တို့နေတဲ့နေရာ တောင်ပြိုဆိုရင်လည်း ဒေသခံတချို့ ဆန်တွေ ပြတ်လပ်မှုတွေ ရှိတယ်။ ပိုက်ဆံရှိပြီးတော့ ဆန်ဝယ်လို့မရတဲ့ဟာရှိတယ်ပေါ့လေ။ လိုင်းကားတွေ ဘာတွေ သွားလို့မရတော့ ကျနော်တို့က ဆန်ပြတ်လပ်မှုတွေ ဒီလို အခက်အခဲတွေ ကြုံရမှာပေါ့နော်” ဟု ပြောသည်။

မောင်တောမြောက်ပိုင်းရှိ ဒေသခံများသည် ဆန်နှင့် စားသောက်ကုန်များကို မောင်တောမြို့ပေါ်သို့ သွားရောက်၍ ဝယ်ယူနေရသည့်အတွက် လက်ရှိအသွားအလာကို ကန့်သတ်လိုက်ခြင်းကြောင့် အခက်အခဲများ ဖြစ်ပေါ်နေရသည်။

ဆန်များကို ငွေကြေးမတတ်နိုင်သူများအနေဖြင့် အများအပြား ဝယ်ယူသိုလှောင်မှု မပြုနိုင်ကြသည့် အတွက် လက်ရှိတွင် ၎င်းတို့သည် ပို၍ အခက်အခဲဖြစ်နေကြောင်း သိရသည်။

ထို့နောက် မောင်တောမြို့ပေါ်ရှိ စားသောက်ကုန် ရောင်းချသူများသည်လည်း မောင်တောမြောက်ပိုင်း ကိုသာ အဓိကအားထားနေရကြောင်း၊ လက်ရှိတွင် စားသောက်ကုန်ရောင်းချရမှုများ ရပ်သွားသည်မှာ ၃ ရက်ရှိပြီဖြစ်ကြောင်း မောင်တောမြို့မှ စားသောက်ကုန်စုံဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။

မောင်တောမြို့လယ်ခေါင်ရှိ နာရီစင်

“ရောင်းအားရပ်တာတော့ အဲဒီဘက်မှာ ၃ ရက်လောက် ရှိပြီပေါ့။ ရောင်းအားက ချက်ချင်းကို ရပ်သွားတာ လေ။ မြောက်ပိုင်းရွာ ၅၃ ရွာ ရှိတာပေါ့ အဲဒီဘက်မှာ။ မူဆလင်ရွာတွေလည်း ရှိတယ်လေ။ အဲဒါက အဲလို ဖြစ်သွားတော့ နည်းနည်း ဂိတ်တွေမှာ အစစ်အဆေးတွေ၊ အတားအဆီးတွေ အဲလိုရှိတယ်။ သူတို့က လည်း မလာ။ မလာတော့ အသွားအလာတွေ ကျဲသွားတော့ ဒီဘက်မှာ ကျနော်တို့မြို့ပေါ်မှာ ရောင်းအား တွေ ကျသွားတာက ချက်ချင်းကို ရပ်သွားတာ ၃ ရက်လောက် ရှိပြီပေါ့” ဟု CNI သတင်းဌာနသို့ ပြောသည်။

ဒါ့အပြင် တချို့သော ဒေသများတွင် အသွားအလာ မလုပ်ကြတော့ဘဲ ကျေးရွာအတွင်းရှိ စားသောက်ကုန် များကိုသာ အချင်းချင်း မျှဝေစားသောက်နေကြရသည်ဟု မောင်တောမြောက်ပိုင်းရှိ ခုံတိုင်ကျေးရွာမှ ဒေသခံတစ်ဦးဖြစ်သူ ဦးမောင်လှက CNI သတင်းဌာနသို့ ပြောသည်။
“အဲလို အသွားအလာ မရဘူးဆိုလို့ရှိရင် ကျနော်တို့ဘက်ကတော့ မသွားဘူး။ ကျနော်တို့ဘက်ကတော့ အဲဒီစားနပ်ရိက္ခာ ဝယ်မယ့်လူလည်း မသွားဘူး။ အခု ကိုယ့်ရပ်ရွာမှာရှိတဲ့ ရွာထဲမှာရှိတဲ့ဥစ္စာပဲ ကျနော်တို့ ရွာမှာပဲ ဝေယူကြတယ် များတဲ့လူက။ အပြင်မှာ အဝေးမှာ သွားတဲ့သူတော့ မရှိသေးဘူးဗျ” ဟု ပြော သည်။

မောင်တောမြို့နယ်ကို မြောက်ပိုင်းနှင့် တောင်ပိုင်း သတ်မှတ်ထားပြီး မြောက်ပိုင်းတွင် ကျေးရွာပေါင်း ၅၃ ရွာနှင့် တောင်ပိုင်းတွင် ၁၈ ရွာရှိကြောင်း၊ စားသောက်ကုန်ရောင်းချသည့်ဆိုင်များသည် မြောက်ပိုင်း ဒေသခံများကိုသာ မှီခိုနေရသည့်အတွက် လက်ရှိတွင် ဆိုင်များအားလုံး ရောင်းအားမရှိသလောက် ဖြစ်နေကြောင်း သိရသည်။

ဒါ့အပြင် တချို့ကျေးရွာများကို လူတစ်ဦးလျှင် ဆန်တစ်ထမ်းမျှသာ သယ်ဆောင်ခွင့်ပြုသည်ကို တွေ့ရပြီး ယင်းထက်ပို၍ သယ်ဆောင်ခွင့် မရကြောင်း ဒေသခံများက ပြောသည်။

မောင်တောတွင် ဇူလိုင်လ ၁၈ ရက်နေ့၌ တပ်မတော်နှင့် AA တို့ တိုက်ပွဲဖြစ်ပွားပြီး ဒေသခံများကို လိုက်လံဖမ်းဆီးမှုများ ရှိကြောင်း၊ ယနေ့အထိ ဖမ်းဆီးခံရသူ (၈) ဦးအထိ ရှိကြောင်း ရခိုင်ပြည်နယ် အခြေစိုက် သတင်းဌာနများ၏ ဖော်ပြချက်များအရ သိရသည်။