CNI News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂၀

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် ရက္ခိုင့်တပ်တော်(AA)နှင့် မြန်မာ့တပ်မတော်တို့ကြား တိုက်ပွဲများ ဖြစ်ပွား နေသည့်အတွက် တောင်ပြိုကျေးရွာမှ ဒေသခံများသည် မောင်တောမြောက်ပိုင်းဘက်သို့ တိမ်းရှောင်သွားကြသော် လည်း ကြိမ်ချောင်းကျေးရွာအနီးတွင် သက်ဆိုင်ရာအာဏာပိုင်များက ဖြတ်သန်းခွင့် မပေး၍ ဒေသခံများ ပိတ်မိ နေကြောင်း သိရသည်။

မောင်တောမြို့နယ်၊ တောင်ပြိုကျေးရွာမှ ထွက်ပြေးတိမ်းရှောင်လာသူ ၁၀၀ ကျော်ရှိပြီး ကြိမ်ချောင်းကျေးရွာအနီး မှာ လမ်းပိတ်ထားခြင်းကြောင့် ပိတ်မိနေကြောင်း၊ အဆိုပါ လမ်းကြောင်းများကို ပိတ်ထားခြင်းသည် ကုန်စည် စီးဆင်းသည့် လမ်းကြောင်းများဖြစ်ကြောင်း၊ ထို့ကြောင့် ဒေသခံများသည် စားနပ်ရိက္ခာ ပြတ်လပ်မှုနှင့် ကြုံတွေ့ နေရကြောင်း မောင်တောဒေသခံ ကိုမောင်မောင်ထွန်းက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “တိုက်ပွဲ အခြေအနေကြောင့်လည်း ရှိတယ်။ စားနပ်ရိက္ခာကြောင့်လည်း ရှိတယ်။ အဘက်ဘက်ကပေါ့။ ရွာ ပေါင်း မနည်းဘူးပေါ့။ ကျနော်တို့ မီးတိုက်၊ သင်္ဘောလှ၊ ဒီဘက်ကဆိုရင် သမန်းသား၊ မင်္ဂလာညွန့်၊ ရွာပေါင်း မနည်း ဘူးပေါ့။ လူကလည်း ၁၀၀ ကျော် နီးပါးလောက် ရှိတာပေါ့”ဟု ပြောသည်။

ကြိမ်ချောင်းလမ်းဆုံမှာ စစ်ဆေးနေမှု

တောင်ပြိုကျေးရွာမှ မောင်တောမြို့သို့ သွားမည့်သူများနှင့် မောင်တောမြို့မှ တောင်ပြိုကျေးရွာသို့ သွားရောက် မည့် သူများသည် ကြိမ်ချောင်းစစ်ဆေးဂိတ်တွင် ဖြတ်သန်းသွားလာခွင့် ပိတ်ထားခြင်းကြောင့် နီးစပ်ရာ ဘုန်းကြီး ကျောင်းနှင့် လူမနေသည့် အိမ်များတွင် နေထိုင်နေကြရကြောင်း သိရသည်။

အဆိုပါ တိုက်ပွဲရှောင်ရန်အတွက် ထွက်ခွာလာသူများသည် လက်ရှိတွင် ကြိမ်ချောင်း၌ ပိတ်မိနေသည်မှာ ၄ ရက် ခန့် ရှိနေပြီဖြစ်ကြောင်း၊ လူမှုကူညီရေး အဖွဲ့အစည်းများနှင့်လည်း ချိတ်ဆက်မှုများ လုပ်ဆောင်ထားကြောင်း၊ သို့သော် တစ်စုံတရာ လာရောက်ကူညီသူများ မရှိသေးကြောင်း သိရသည်။

ထို့အထဲတွင် ဝန်ထမ်းများလည်း ပါဝင်နေပြီး စားနပ်ရိက္ခာ အခက်အခဲကြောင့် တိုက်ပွဲရှောင်အနေဖြင့် သွားရောက် ကြခြင်းဖြစ်ကြောင်း တောင်ပြိုကျေးရွာမှ ဒေသခံတစ်ဦးက ပြောသည်။

၎င်းက “အခုချိန်ထိ ဒီမှာ ကျနော်ကလည်း သောင်တင်နေတာပဲ။ တောင်ပြိုကနေ မောင်တောသွားဖို့ဆိုတာ သိပ် ကို အဆင်မပြေဘူး။ သူတို့က မလွှတ်ဘူးပေါ့။ လူလည်း သွားလို့မရဘူး။ ကားလည်း သွားလို့မရဘူး။ ဆိုင်ကယ် လည်း သွားလို့မရဘူး။ ကျနော်တို့ ဝန်ထမ်းတွေရော၊ အရပ်သားပြည်သူတွေရော၊ အခြေအနေဆိုးလို့ ဘယ်မှ မသွားရဘူး။ စားနပ်ရိက္ခာဆိုလည်း ပြတ်လပ်ပြီးတော့ စားစရာမရှိတော့ စစ်ရှောင်အနေနဲ့ သွားတာပေါ့နော်။ ပြည်သူတွေက တောင်ပြိုကနေ လာတယ်ဆိုရင် ဟိုဘက်ကိုလည်း တက်လို့မရဘူး။ ဒီဘက်ကိုလည်း ဆင်းလို့ မရဘူး အဲလိုဖြစ်နေတယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။

AA တပ်ဖွဲ့ကိုတွေ့ရစဉ်

မောင်တောမြောက်ပိုင်း၌ AA နှင့် မြန်မာ့တပ်မတော်တို့ကြား တိုက်ပွဲများ ဖြစ်ပွားနေပြီး တချို့သော ကျေးရွာများ တွင် လက်နက်ကြီးသံများလည်း ကြားရသည့်အတွက် တိုက်ပွဲဖြစ်ပွားမှု နည်းပါးသော ကျေးရွာတချို့ရှိ ဘုန်းကြီး ကျောင်းများသို့ တိမ်းရှောင်လာကြကြောင်း အထက်ပါ တောင်ပြိုကျေးရွာမှ ဒေသခံတစ်ဦးက ပြောသည်။

၎င်းက “ကျနော်တို့ တောင်ပြိုကျတော့ ၂၄ နာရီပေါ့နော် လက်နက်ကြီးသံတွေ၊ နေလို့ထိုင်လို့ မရဘူး။ ညအိပ်လို့ မရဘူး။ သွားတဲ့သူတွေ အကုန်လုံးက စစ်ရှောင်အနေနဲ့ သွားကြတာပေါ့နော်။ ဘုန်းကြီးကျောင်းတွေမှာ မောင်တောမြို့ဆိုရင်လည်း စစ်ဘေးရှောင်စခန်းတော့ မရှိသေးဘူး။ နီးစပ်ရာ နီးစပ်ရာ ဘုန်းကြီးကျောင်းတို့၊ အခက်အခဲ ကြားထဲကနေပြီးတော့ သွားနေကြတာ” ဟု ပြောသည်။

မောင်တောမြို့ရှိ ကျေးရွာများသည် မြို့ပေါ်တွင်စျေးဝယ်၍ စားသောက်နေကြရကြောင်း၊ ယခုအခါမှာတော့ မောင်တောမြို့ပေါ်သို့ သွားသည့် လမ်းများကို ပိတ်ဆို့လိုက်ခြင်းကြောင့် ဒေသခံများ စားဝတ်နေရေး အခက်အခဲ ကြုံနေရကြောင်း သိရသည်။