CNI News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂၀

ရက္ခိုင့်တပ်‌တော် (ULA/AA) အနေဖြင့် နိုင်ငံတကာ အသိအမှတ်ပြု အာရက္ခနိုင်ငံ အစိုးရတစ်ရပ်ဖြစ်ရန် ကြိုးပမ်း နေသည်ဟု သုံးနှုန်းခြင်းမှာ စိတ်ဓါတ်ရေးရာ မြှင့်တင်ခြင်းလည်း ဖြစ်နိုင်ကြောင်း တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်တစ်ဦးဖြစ်သူ ဗိုလ်မှူးကြီး ခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။

AA အနေဖြင့် ကွန်ဖက်ဒရေးရှင်းဆိုသည်ကို ၎င်းတို့ ခေါင်းဆောင်က ပြောကြားဖူးကြောင်း၊ အဆိုပါ ကိစ္စကို မှတ်ချက် မပေးလိုကြောင်း ၎င်းက ပြောသည်။

ဗိုလ်မှူးကြီး ခွန်ဥက္ကာက “ကျနော်တော့ သူတို့ပြောတာပြောတာပေါ့၊ ဝေဖန်ချက် မပေးချင်ပါဘူး။ ဝေဖန်ချက် တော့ မပေးချင်ပါဘူး၊ တရားဝင်သူတို့ ပြောတာတွေကတော့ ကွန်ဖက်ဒရေးရှင်းဆိုတာတော့ သူတို့ခေါင်းဆောင် တစ်ခါပြောဖူးတယ်ဗျ၊ သို့သော်လည်းပဲ အခုက အခြေအနေကြည့်ပြီးတော့ ကွန်ဖက်ဒရေးရှင်းထက်ကို မြင့်တဲ့ဟာ များ ထပ်ပြောလားတော့ ကျနော်တော့ ပြောတတ်ဘူးပေါ့ဗျာ၊ သို့သော်လည်းပဲ ဒီလို စစ်ရှိန်မြင့်တဲ့ အချိန်မှာ စိတ်ဓါတ်ရေးရာအရလည်း ပြောတာလည်း ဖြစ်နိုင်တာပေါ့၊ ကျနော်တော့ မှတ်ချက်ပေးဖို့ ခက်ပါတယ်၊ ဒီကိစ္စမျိုး က” ဟု CNI သတင်းဌာနသို့ ပြောသည်။

မောင်တောမြောက်ပိုင်းမှ ဘင်္ဂလားဒေ့ရှ်သို့ အစုလိုက်၊ အပြုံလိုက် ထွက်ပြေးသွားသည့် ဘင်္ဂါလီဒုက္ခသည်များကို မိမိတို့အနေဖြင့် ကိုယ်ချင်းစာကြောင်း၊ ထိုပြဿနာများ ဖြေရှင်းနိုင်ရေး ဘင်္ဂလားဒေ့ရှ်အစိုးရနှင့် UN အပါအဝင် ကမ္ဘာ့အင်အားကြီးနိုင်ငံများ ကူညီထောက်ပံ့မှု အပြည့်အဝပေးကာ ULA/AA နှင့်အတူ ရပ်တည်ပေးဖို့ လိုအပ် ကြောင်း ULA/AA ၏ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောကြားခဲ့သည်။

AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကိုတွေ့ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁၉ ရက်နေ့က သတင်းစာ ရှင်းလင်းပွဲမှာ တွေ့ရစဉ်

ထို့ကြောင့် မိမိတို့ ULA/AA အနေဖြင့် နိုင်ငံတကာအသိအမှတ်ပြု အာရက္ခနိုင်ငံအစိုးရတစ်ရပ် ဖြစ်ရန် ကြိုးစားနေ သည့် ကာလဖြစ်ကြောင်း စက်တင်ဘာ ၁၉ ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ၎င်းက ပြောကြားခဲ့ သည်။

ဗိုလ်မှူးကြီး ခွန်ဥက္ကာက “ဖြစ်တတ်ပါတယ်၊ ဒီလိုပဲ၊ တစ်စုံတစ်ရာရှိလာရင် ဒါပေမဲ့ ဒါက အဖွဲ့အစည်းတစ်ခု၊ လူမျိုးတစ်ခုရဲ့ ဟိုးလွန်ခဲ့တဲ့ အနှစ် ၃၀ လောက်တုန်းက အဲဒါမျိုး KNPP ကလည်း ကြွေးကြော်ဖူးတယ်၊ KNU ကလည်း ကြွေးကြော်ဖူးတယ်၊ နောက် ဥက္ကဋ္ဌ ဘိန်းဘုရင် ခွန်ဆာ လက်ထက်မှာ ရှမ်းပြည်လွတ်လပ်ရေးတောင်မှ ပြောဖူးတယ်၊ အဲဒါပေါ့၊ အဲဒါ အရင်တုန်းက သမိုင်းကြောင်း ကြည့်ရင်တော့ အဖွဲ့တော်တော်များများ လူမျိုးတော် တော်များများ ပြောထားတာ ရှိပါတယ်။ အခုတစ်ခေတ်မှာတော့ တချို့အဖွဲ့လေးတွေ ပြန်ပြောလာတာပေါ့၊ သမိုင်း ကြောင်း ကြည့်ရင်တော့ ဒီလို ပြောတာတွေ ကြွေးကြော်တာတွေတော့ ရှိခဲ့ဖူးပါတယ်” ဟု ပြောသည်။

ရှမ်းပြည်နယ်အတွင်းက ‘ဝ’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနှင့်အလားတူ ကိုယ်ပိုင်အုပ်ချုပ်ခွင့် အဆင့်အတန်းမျိုးကို ရလိုကြောင်း ULA/AA ၏ တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ၂၀၁၉ ခုနှစ်က ထုတ်ဖော် ပြောကြားထားသည်။

လက်ရှိတွင် ရခိုင်ပြည်နယ်၌ ULA/AA သည် လူထုထောက်ခံမှု ပိုမိုရရှိနေပြီး မြန်မာ့တပ်မတော်နှင့်လည်း တိုက်ပွဲ များ ဖြစ်ပွားနေသည်။