CNI News
၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂၀

အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဥပဒေကို လေးစားလိုက်နာပြီး ကလေးသူငယ်များနှင့် စာသင် ကျောင်းများကို တိုက်ခိုက်ခြင်း မပြုရန် Save the Children မှ ထပ်မံတောင်းဆိုကြောင်း စက်တင်ဘာ ၁၉ ရက်နေ့တွင် ထုတ် ပြန် ကြေညာခဲ့သည်။

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁၆ ရက်နေ့က စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်ရှိ စာသင်ကျောင်း တစ်ကျောင်း အား တိုက်ခိုက်ခံခဲ့ရမှုတွင် အနည်းဆုံး ကလေးသူငယ် ၁၁ ဦး အသက်ဆုံးရှုံးခဲ့ရပြီး ၁၇ ဦး ထိခိုက် ဒဏ်ရာများ ရရှိခဲ့ခြင်းကြောင့် လွန်စွာ ထိတ်လန့်တုန်လှုပ်မိသည်ဟု ထိုထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ တိုက်ခိုက်မှုအပေါ် Save the Children အနေဖြင့် အပြင်းထန်ဆုံး ကန့်ကွက်ရှုတ်ချကြောင်း၊ အပြည် ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဥပဒေကို လေးစားလိုက်နာပြီး ကလေးသူငယ်များနှင့် စာသင် ကျောင်းများကို တိုက်ခိုက်ခြင်းမပြုရန် Save the Children မှ တောင်းဆိုကြောင်း ထုတ်ပြန်ခဲ့သည်။

ဒီပဲယင်းမြို့ရှိ စာသင်ကျောင်း တစ်ကျောင်း လက်နက်ထိမှန် ပျက်စီးသွားသည်ကိုမြင်တွေ့ရ

Save the Children ၏ အာရှဒေသဆိုင်ရာညွှန်ကြားရေးမှူး Hassan Noor Saadi က “ ယခု သီတင်းပတ် အတွင်း နယူးယောက်မြို့ ကုလသမဂ္ဂအထွေထွေ ညီလာခံတွင် တွေ့ဆုံကြမည့် ကမ္ဘာတစ်ဝှမ်းမှ အစိုးရ ခေါင်းဆောင်များ အား ဤတိုက်ခိုက်မှုအပေါ် ကန့်ကွက်ရှုတ်ချပြီး ရာဇဝတ်မှုကျူးလွန်သူများ တာဝန်ခံယူမှု ရှိစေရေးအတွက် ဖြစ်နိုင်သမျှ နည်းလမ်းများနှင့် ဆောင်ရွက်ရန် တောင်းဆိုလိုက်သည်။ ကုလသမဂ္ဂလုံခြုံရေး ကောင်စီအနေဖြင့် မြန်မာ့အရေးနှင့် ပတ်သက်ပြီး အမြန်ဆုံး အစည်းအဝေးခေါ်ယူရန်နှင့် ဘေးကင်းစွာ ပညာ သင်ကြားခွင့် အပါအဝင် ကလေးသူငယ် အခွင့်အရေးများအားလုံးကို အကာအကွယ်ပေးနိုင်သည့် ဆုံးဖြတ်ချက် တစ်ခုချမှတ်နိုင်ရန်လည်း ကျွနု်ပ်တို့တောင်းဆိုသည်။ အာဆီယံအနေဖြင့်လည်း အရေးယူ ဆောင်ရွက်မှုများကို ပိုမိုလုပ်ဆောင်ရန် ထပ် လောင်း တောင်းဆိုလိုက်သည်။ အာဆီယံအနေဖြင့်လည်း အရေးယူ ဆောင်ရွက်မှုများ ကို ပိုမိုလုပ်ဆောင်ရန် ထပ်လောင်း တောင်းဆိုလိုက်သည်။ ထိရောက်သော ဆောင်ရွက်မှု များ လုပ်ဆောင်ရန် ယခုကဲ့သို့သော အဖြစ် အပျက်မျိုးမည်မျှ ထပ်မံ ဖြစ်ပွားရဦးမည်နည်း”ဟု ပြောသည်။

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁၆ ရက်နေ့က စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်ရှိ စာသင်ကျောင်း တစ် ကျောင်း တိုက်ခိုက်ခံရမှုမှာ မြန်မာ့တပ်မတော်ဘက်က ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဒေသတွင်း သတင်း ရင်းမြစ် များနှင့် တော်လှန်ရေး အင်အားစုများက ပြောသည်။

အဆိုပါ အခြေအနေနှင့်ပတ်သက်ပြီး နစကဘက်က တစ်စုံတစ်ရာ သတင်းထုတ်ပြန်ထားခြင်း မရှိသေးပေ။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာ မြန်မာ့တပ်မတော်နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များကြား လက်နက်ကိုင် ပဋိပက္ခများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားလျက်ရှိနေပြီး ဒေသခံ သောင်းနှင့်ချီ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင် နေကြရသလို နေအိမ် အလုံး ပေါင်း ၂၀၀၀၀ မီးလောင်ပျက်စီးဆုံးရှုံးမှုများ ရှိနေကြောင်း သိရသည်။