CNI News

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁၂

မိမိတို့ အဖွဲ့အစည်းများ၏ တူညီသော စစ်ရေး၊ နိုင်ငံရေး ရည်မှန်းချက်ကို မရမချင်း ဟန်ချက်ညီလက်တွဲကာ စုဖွဲ့ တော်လှန် တိုက်ပွဲဝင်နေကြဦးမည် ဖြစ်ကြောင်း ညီနောင်မဟာမိတ်အဖွဲ့(TNLA-MNDAA-AA)က ပြောသည်။

ယနေ့ (ဇန်နဝါရီ ၁၂ ရက်) နေ့တွင် ကျ‌ရောက်သော နှစ် (၆၀) ပြည့် တအာင်းအမျိုးသား တော်လှန်ရေးနေ့ အခမ်း အနားသို့ ညီနောင်မဟာမိတ်တပ်ဖွဲ့ဝင်များ ဖြစ်ကြသော ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော် (ULA/ AA) နှင့် မြန်မာနိုင်ငံ အမှန်တရားနှင့် တရားမျှတ‌သော အမျိုးသားပါတီ/ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNTJP/MNDAA) တို့မှ ပေးပို့သည့် သဝဏ်လွှာတွင် ဖော်ပြထားသည်။

 မြောက်ပိုင်းညီနောင်အဖွဲ့ထုတ်ပြန်ချက်

၎င်းတို့က “ကိုးကန့်၊ တအာင်း၊ ရက္ခိုင်လူမျိုးများ အပါအဝင် မြန်မာနိုင်ငံအတွင်းမှ လူမျိုးအသီးသီးတို့သည် အမျိုး သား တန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်း ဆုံးဖြတ်ပိုင်ခွင့်၊ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီး နိုင်ခွင့်တို့အတွက် အမျိုးသား လွတ်မြောက်ရေးနှင့် စစ်အာဏာရှင်စနစ်အောက်မှ လွတ်မြောက်ရေး တိုက်ပွဲများကို တစ်ဖွဲ့ချင်း (သို့မဟုတ်) စုပေါင်းပြီး လက်နက်ကိုင်တော်လှန် တိုက်ခိုက်နေကြဆဲ ဖြစ်သည်။ ဆက်လက်၍လည်း မိမိတို့ အဖွဲ့အစည်းများ၏ တူညီသော စစ်ရေး၊ နိုင်ငံရေး ရည်မှန်းချက်ကို မရမချင်း ဟန်ချက်ညီလက်တွဲကာ စုဖွဲ့တော်လှန် တိုက်ပွဲဝင် နေကြဦးမည် ဖြစ်သည်” ဟု ပြောသည်။

ညီနောင်မဟာမိတ် (၃) ဖွဲ့သည် ဘုံရန်သူ၏ စစ်ရေး၊ နိုင်ငံရေး ထိုးနှက်ချက်များနှင့် လူမျိုးရေး သပ်လျှိုဖြိုခွဲခြင်း များကို စည်းလုံးညီညွတ်စွာဖြင့် တက်၊ဆုတ်ညီစွာ အတူတကွ ဖြေရှင်းနိုင်ခဲ့ကြောင်း ဖော်ပြထားသည်။

ထို့အတူ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တော်လှန်ကြသော နွေဦးတော်လှန်ရေးအတွင်းမှ ပေါက်ဖွားလာသည့် ပြည်သူ့ထောက်ခံမှုရပြီး တော်လှန်ရေးဆန်သော အဖွဲ့အစည်းများ အကြား၌လည်းကောင်း အပြန်အလှန် နားလည်မှု၊ လေးစားမှု၊ တန်ဖိုးထားမှုများနှင့် ယုံကြည်မှုများကိုပါ ရရှိခဲ့ကြောင်း ပေးပို့သည့် သဝဏ်လွှာတွင် ဖော်ပြထားသည်။