CNI News

၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇

လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်နေမှုများအပေါ် ဟန့်တားမှု ရရှိနိုင်ရေးအတွက် ၁၀၂၇ စစ်ဆင်ရေးကို ညီနောင်မဟာမိတ် ၃ ဖွဲ့က ဆင်နွှဲလိုက်ကြောင်း ယနေ့ (အောက်တိုဘာ ၂၇ ရက်) ထုတ်ပြန်ခဲ့သည်။

လက်ရှိ တရုတ် - မြန်မာ နယ်စပ်အပါအဝင် မြန်မာနိုင်ငံအတွင်း ကျယ်ပြန့်လာသည့် အွန်လိုင်းလောင်းကစား လိမ်လည်မှု ပပျောက်ရေး၊ Online Game (ကျဖျင်) ကုမ္ပဏီများ နှိမ်နင်းနိုင်ရေး စသည်ရည်ရွယ်ချက်များဖြင့် ပူးပေါင်းဆင်နွှဲကြောင်း ဖော်ပြထားသည်။

ညီနောင်မဟာမိတ်က “မိမိတို့ ညီနောင်မဟာမိတ် ၃ ဖွဲ့သည် ပြည်သူလူထု၏ အသက်၊ အိုးအိမ်၊ စည်းစိမ်များကို ကာကွယ်နိုင်ရေး၊ မိမိကိုယ်မိမိ ခုခံကာကွယ်နိုင်ရေး၊ မိမိတို့ ဒေသကို ယခုထက် ပိုမိုထိန်းချုပ်နိုင်ရေး၊ မိမိတို့အဖွဲ့အစည်းများအပေါ် လေကြောင်း၊ လက်နက်ကြီးများဖြင့် နေ့၊ ည အချိန်မရွေး ပစ်ခတ်တိုက်ခိုက်နေမှုများအပေါ် ဟန့်တားမှုရရှိနိုင်ရေး၊ မြန်မာပြည်သူတစ်ရပ်လုံး၏ လိုလားချက်ဖြစ်သော စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေး” ဟု ပြောသည်။ 

ညီနောင်မဟာမိတ် အဖွဲ့တွင် ရက္ခိုင့်တပ်တော် (ULA/AA)၊ ပလောင်ပြည်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA)၊ မြန်မာနိုင်ငံ အမှန်တရားနှင့် တရားမျှတသော အမျိုးသားပါတီ (MNTJP/MNDAA) တို့ဖြင့် ဖွဲ့စည်းထားသည်။

ယနေ့ နံနက်ပိုင်း ၄ နာရီဝန်းကျင်က စတင်ကာ ပြည်ထောင်စုလမ်းမတစ်လျှောက် တိုက်ပွဲများ ပြင်းထန်ခဲ့ကြောင်း၊ လက်နက်ကြီး ပစ်ခတ်မှုများလည်း ကြားနေရကြောင်း လားရှိုးဒေသခံတစ်ဦးက CNI သတင်းဌာနကို ပြောသည်။

ညီနောင်မဟာမိတ် ၃ ဖွဲ့

၎င်းက “ကျမကြတော့ အကို့လောက်တော့ နှံ့နှံ့စပ်စပ်တော့ မသိဘူးလေ၊ အခုကတော့ ဖြစ်နေတဲ့ဟာတွေကတော့ ဃဂနဏတော့ သိတော့ မသိဘူး။ ဟိုဖက် တိုးဂိတ်ဖက်မှာတော့ ပျက်စီးသွားတာတော့ သိရတယ်၊ လိုင်းပေါ်မှာလည်း တင်ထားကြတယ်၊ ခုတော့ အသံတော့ မကြားတော့ဘူး။ စောစောကတော့ ကြားတယ်၊ အခုတော့ ဒီလမ်းပိုင်းတော့ ကြားနေတာပဲ၊ မူဆယ်ဖက်လည်း သူတို့ပိတ်ထားတယ်၊ ဟိုဖက် ချင်းရွှေဟော် သွားတဲ့ဖက်လည်း သူတို့ ပိတ်ထားတယ်လို့ အဒီလိုမျိုး သတင်းတွေလည်း လိုင်းပေါ်မှာ တက်ထားတာ တွေ့တယ်လေ” ဟု ပြောသည်။

ထို့အတူ လားရှိုး မှ ချင်းရွှေဟော်၊ လားရှိုး မှ မူဆယ် ပြည်ထောင်စုလမ်းမကြီးများကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက် နံနက် ၆ နာရီမှစတင်ပြီး အရေးပေါ် ပိတ်ပင်လိုက်ကြောင်း MNDAA က ထုတ်ပြန်ထားသည်။

ပြည်ထောင်စုလမ်းမကြီး တစ်လျှောက် တိုက်ပွဲများ ဖြစ်ပွားနေခြင်းကြောင်း ကုန်ကားများ ရပ်နားထားကြောင်း မူဆယ်ကုန်ကားသမားတစ်ဦးက CNI သတင်းဌာနကို ပြောသည်။

၎င်းက “လမ်းကြောင်း မကောင်းသေးတော့ မဆင်းခိုင်းသေးဘူး။ ဂိတ်တွေက၊ ကိုယ့်ဟာနဲ့ကိုယ် အန္တရာယ်မဖြစ်အောင် ကြည့်သွားရတာပေါ့၊ သူတို့ ပါးစပ်ထဲ၊ သူတို့ စိတ်ထဲရှိမှာပဲလေ၊ ကျနော်တို့ကြတော့ ပြည်သူလူထုဆိုတော့ မသိရဘူး။ တိုက်ပွဲ ကျနော်တို့ မူဆယ်မှာတော့ လောလောဆယ် ကျနော်တို့က ၅ မိုင်မှာဆိုတော့ မဖြစ်ဘူးဗျ၊ အဲဒီဖက်ကြော့တော့ ဖြစ်နေတယ်လို့ ပြောတာပဲ၊ လားရှိုးဖက်ကတော့ မနက်ကတော့ ဖြစ်နေတယ်၊ အခုကတော့ မပြောတတ်ဘူး။ အဲဒီလိုတော့ ပြောတယ်၊ ကျနော်တို့ ဒီမှာတော့ အေးအေးချမ်းချမ်းပဲဗျ၊ ဘာမှ မဖြစ်ဘူး” ဟု ပြောသည်။

ညီနောင်မဟာမိတ်ဖြစ်သော AA၊ TNLA၊ MNDAA တို့သည် စစ်ရေး၊ နိုင်ငံရေး များကို အတူပူးတွဲလှုပ်ရှားကြသော မြောက်ပိုင်းတိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ ဖြစ်သည်။