CNI International News

ဘန်ကောက်၊ အောက်တိုဘာ ၂၇

ထိုင်းနိုင်ငံတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြန်လည်ပြင်ဆင်ရေးအတွက် ပြည်သူ့ဆန္ဒခံယူပွဲ ပြုလုပ်ရန် အစိုးရကို တောင်းဆိုသည့် အဆိုပြုချက်ကို အောက်တိုဘာ ၂၅ ရက်က အောက်လွှတ်တော်၌ မဲခွဲဆုံးဖြတ်ခဲ့ရာ ထောက်ခံမဲ ၁၆၂ မဲ၊ ကန့်ကွက်မဲ ၂၆၁ မဲဖြင့် ပယ်ချခံခဲ့ရသည်ဟု ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။ 

အတိုက်အခံ Move Forward ပါတီ (MFP) က တင်သွင်းခဲ့သည့် ထိုအဆိုပြုချက်ကို လွှတ်တော်တွင်း ၄ နာရီကြာ အချေအတင် ဆွေးနွေးခဲ့ပြီးနောက် မဲခွဲဆုံးဖြတ်မှု ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ထိုမဲခွဲဆုံးဖြတ်မှုတွင် ကန့်ကွက်မဲ ၂၆၁ မဲ၊ ထောက်ခံမဲ ၁၆၂ မဲနှင့် ကြားနေမဲအဖြစ် လွှတ်တော်ကိုယ်စားလှယ် ၆ ဦး ရှိခဲ့သည်။ 

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးသည် ပါတီအားလုံး၏ ပူးပေါင်းဆောင်ရွက်မှုကို လိုအပ်သဖြင့် MFP ၏ အဆိုပြုချက်ကို အာဏာရဖြူးထိုင်းပါတီက ဆန့်ကျင်ခြင်း မရှိခဲ့ကြောင်း ဖြူးထိုင်းပါတီ၏ လွှတ်တော် ကိုယ်စားလှယ် ချာတူရွန် ချိုင်ဆာအန် (Chaturon Chaisaeng) က ပြောကြားခဲ့သည်။

မည်သို့ပင်ဆိုစေ ပြည်သူ့ဆန္ဒခံယူပွဲ ဥပဒေကို အရင်ဆုံး ပြုပြင်ပြောင်းလဲရန် လိုအပ်ကြောင်း အဘယ်ကြောင့် ဆိုသော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြန်လည်ပြင်ဆင်ရေးအတွက် လိုအပ်ချက်များသည် အလွန်ခက်ခဲနေခြင်းကြောင့် ဖြစ်ကြောင်း ချာတူရွန်က ပြောကြားခဲ့သည်။ 

 MFP ပါတီ၏ လွှတ်တော် ကိုယ်စားလှယ် ပါရစ် ဝါချာရာဆင်ဒူကို တွေ့ရစဉ်

ပြည်သူ့ဆန္ဒခံယူပွဲဥပဒေ၏ အပိုဒ်ခွဲ ၁၃ တွင် ဆန္ဒခံယူပွဲပြုလုပ်ရန် အချက်နှစ်ချက် လိုအပ်ကြောင်း ဖော်ပြထား သည်။ 

ပထမအချက်မှာ မဲခွဲဆုံးဖြတ်သည့် လွှတ်တော်အမတ် ထက်ဝက်ကျော်၏ ထောက်ခံမဲကို လိုအပ်ကြောင်းနှင့် ဒုတိယအချက်မှာ ပြည်သူ့ဆန္ဒခံယူပွဲတွင် ပါဝင်မဲပေးခွင့််ရသည့် မဲဆန္ဒရှင် ထက်ဝက်ကျော် ရှိရန်လိုအပ်ကြောင်း ဖော်ပြထားသည်။

"အဲဒီလိုအပ်ချက်တွေက ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်လည် ပြင်ဆင်ရေးဆွဲဖို့ ပြည်သူ့ဆန္ဒခံယူပွဲ ကျင်းပရေး အတွက် အခက်တွေ့စေတဲ့ အချက်တွေဖြစ်ပါတယ်။ ဒီဥပဒေကို အရင်မပြင်ဘူးဆိုရင် ဆန္ဒခံယူပွဲလည်း ကျင်းပဖို့ ခက်ခဲပါတယ်" ဟု ချာတူရွန်က ပြောကြားခဲ့သည်။

ထိုင်းအောက်လွှတ်တော် ကျင်းပနေစဉ်

MFP ပါတီအနေဖြင့် အစိုးရက ခန့်အပ်ထားသည့် ပြည်သူ့ဆန္ဒခံယူပွဲဥပဒေ ပြင်ဆင်ရေးအဖွဲ့သည် ထိုဥပဒေကို ပြင်ဆင်ရေးအတွက် အချိန်မည်မျှယူပြီး ပြင်ဆင်မည်ဆိုခြင်းကိုမူ ဂရုမစိုက်ကြောင်း MFP ပါတီ၏ လွှတ်တော် ကိုယ်စားလှယ် ပါရစ် ဝါချာရာဆင်ဒူ (Parit Wacharasindhu) က အောက်လွှတ်တော်ကို ပြောကြားခဲ့သည်။ 

ထိုအချိန်အတောအတွင်း ထိုင်းအစိုးရသည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြန်လည် ပြင်ဆင်ရေးနှင့်ပတ်သက်ပြီး ပြည်သူ့ဆန္ဒခံယူပွဲနှင့်ပတ်သက်ပြီး သက်ဆိုင်ရာ အဖွဲ့အစည်းများထံမှ လူထုသဘောထား စစ်တမ်းများကို ကောက်ခံရန် စီစဉ်လျက်ရှိသည်။ 

Source: ဘန်ကောက်ပို့စ်